ကျောက်ပန်းတောင်းမြို့နယ် ကြက်သွန်းမျိုးပန်းများအောင်မြင်ဖြစ်ထွန်း

ညောင်ဦး ဖေဖော်ဝါရီ  ၂၀

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ကြက်သွန်နီမျိုးပန်းများ အောင်မြင်ဖြစ်ထွန်းနေကာ ဆွတ်းခူးပြီးချိန် ပျိုးစေ့ဈေးနှုန်းကောင်းရရန်မျှော်လင့်နေကြကြောင်း ကြက်သွန်မျိုးပန်းစိုက်တောင်သူများထံက သိရသည်။

ကြက်သွန်နီမျိုးစေ့များ ပျိုးထောင်ရောင်းချရာတွင် ရေနံချောင်းနယ်၊ ဆိပ်ဖြူနယ်၊ မြင်းခြံနယ်တို့တွင် အများဆုံး ပျိုးထောင်ကာ မျိုးစေ့ရောင်းချကြကြောင်း၊ ဆောင်းကြက်သွန်စိုက်ပျိုးချိန်ဖြစ်သည့် သီတင်းကျွတ်၊ တန်ဆောင်မုန်းလများတွင် ကြက်သွန်နီမျိုးစေ့များ အရောင်း အဝယ်အဖြစ်များကာ ကြက်သွန်နီမျိုးစေ့ တစ်ပြီလျှင် ကျပ်တစ်သိန်းမှ တစ်သိန်းနှစ်သောင်းကျပ်ထိ အရောင်းအဝယ်ဖြစ်ကြကြောင်းသိရသည်။

ကြက်သွန်နီမျိုးစေ့ပျိုးထောင်ရာတွင်  နတ်တော်လ၊ ပြာသိုလတို့တွင် ကြက်သွန်နီ ဥများစိုက်ကြကြောင်း၊ စိုက်ပျိုးပြီးရက် ၂၀ ခန့်ကျော်လျှင် စိန်ဖူးတိုင်(ခေါ်)ကြက်သွန်နီ ပန်းပွင့်များထွက်လာကြောင်း၊ ကြက်သွန်နီဥတစ်ဥစိုက်လျှင် ကြက်သွန်းပန်းပွင့်တိုင် တစ်တိုင်မှငါးတိုင်ထိထွက်ရှိပြီး ကြက်သွန်ပွင့်တစ်တိုင်တွင် မျိုးစေ့မြောက်များစွာပါရှိကာ ကြက်သွန်မျိုးစေ့အောင်ချိန်ဖြစ်သည့် တစ်ပေါင်းလ၊ တန်ခူးလတို့တွင် ကြက်သွန်ပန်းပွင့်များခူးကာ နေလှန်းထားပြီး ကြက်သွန်နီ မျိုးစေ့ထုတ်ယူရသည်။ ကြက်သွန်ပန်းပွင့်များ ရင့်မှည့်ချိန်မိုးမိပါက ပျက်စီးတတ်သဖြင့် မိုးရွာမည့် အရိပ်အယောင်သိလျှင် ချက်ချင်းခူးပြီး မိုးလေလွတ်သည့်နေရာတွင် အခြောင်လှန်းထားရကြောင်း သိရကာ ကျောက်ပန်း တောင်းမြို့နယ် ကြက်သွန်မျိုးပန်းများ အထွက်ကောင်းမွန်နေကာ ဆွတ်ခူးပြီးအစေ့ထုတ် ရောင်းချချိန် ဈေးကောင်းရရန်မျှော်လင့်နေကြကြောင်းသိရသည်။

ဒီပါလင်း