ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အခမ်းအနားမှူးသင်တန်းဖွင့်လှစ်သင်ကြား

ပြင်ဦးလွင် ဖေဖော်ဝါရီ  ၂၀

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ယမန်နေ့ နံနက် (၁၀) နာရီအချိန်က အခမ်းအနားမှူး သင်တန်းဖွင့်ပွဲကျင်းပရာ ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ ပိုးချည်စက်ရုံ၊ ရွေးကောက်ပွဲကော်မရှင်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လူမှုဖူလုံရေးရုံး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ သမဝါယမဦးစီးဌာန တို့မှ စုစုပေါင်း သင်တန်းသူ (၃၅) ဦး တက်ရောက်ခဲ့ကြသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင်  စာရေးဆရာကိုရွှေအောင်သင်းက  အဖွင့်အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြင်ဦးလွင်ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားအပြီးတွင် သင်တန်းနည်းပြဖြစ်သူ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယမင်းလှိုင်က သင်တန်းတွင် သင်ကြားပေးမည့် အကြောင်းအရာများနှင့် သင်ကြားမည့်စနစ်များအား ဦးစွာရှင်းလင်းဆွေးနွေးပြီး အခမ်းအနားမှူး တစ်ဦးတွင် ရှိသင့်သည့်အရည်အချင်းများ၊ အခမ်းအနားအမျိုးအစားအလိုက် ကြိုတင်ပြင်ဆင်ရမည့် အစီအမံများ၊ အခမ်းအနားမှူး တစ်ဦးသိသင့်သိထိုက်သည့် ဆောင်ရန်/ရှောင်ရန်များ၊ မြန်မာစာသဒ္ဒါအသုံးအနှုန်းနှင့် အသံအဖြတ်အတောက်များနှင့် လက်တွေ့လုပ်ဆောင်ရာတွင် ဖြစ်ပေါ်တတ်သည့် လုပ်ငန်းအတွေ့အကြုံများအား စာတွေ့/လက်တွေ့ မျှဝေသင်ကြားပေးခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားမှူးသင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ ပြင်ဦးလွင်မြို့နယ်အတွင်း တာဝန်ထမ်းဆောင်နေသော  ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများအား အခမ်းအနားမှူးတာဝန်ထမ်းဆောင်ရာ၌ လုပ်ငန်းကျွမ်းကျင်မှုရှိစေရန် နှင့် မိမိဌာနအလိုက် အခမ်းအနားများ ကြီးမှူးကျင်းပရာတွင် ဌာနတွင်းဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားလာစေရန် ရည်ရွယ် ချက်များဖြင့် ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ပြီး သင်တန်းအား ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှ ၂၁ ရက်နေ့အထိ စာတွေ့/လက်တွေ့ သုံးရက်ကြာသင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။

ဖြူလူသစ် (ခရိုင် ပြန်/ဆက်)