လားရှိုးမြို့တွင် ရောက်ရှိခိုလှုံနေရသည့် ယာယီနေရပ်စွန့်ခွာသူများအတွက် မန္တလေးမှ စေတနာရှင်အလှူရှင်များက ဆန်၊ ဆီများ ပေးပို့လှူဒါန်း

လားရှိုး ဖေဖော်ဝါရီ ၂၀

လားရှိုးမြို့တွင် ရောက်ရှိခိုလှုံနေကြသည့် ယာယီနေရပ်စွန့်ခွာသူများအတွက် မန္တလေးမှ အလှူရှင်များက ပေးပို့လှူဒါန်းသည့် အလှူပစ္စည်းများကို ယမန်နေ့နံနက်ပိုင်းက သွားရောက်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

မန္တလေးမှ အလှူရှင်များသည် သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်၊ ကန်မိန်းကျောင်းတိုက်၊ မြို့မကျောင်းတိုက်နှင့် လားဟူဘော်ဒါစခန်းတို့တွင် ယာယီနေရပ်စွန့်ခွာသူများအတွက် ဆန်နှင့်ဆီများကို လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

“လားရှိုးမြို့ပေါ်ရောက်ရှိနေတဲ့ ယာယီနေရပ်စွန့်ခွာသူများအတွက် လိုအပ်တဲ့ အခြေခံစားသုံးကုန် ပစ္စည်းတွေကို မန္တလေးကအလှူရှင်တွေက ပေးပို့လှူဒါန်းတာကြောင့် ကိုယ်စား လာရောက်လှူဒါန်းပေးတာဖြစ်ပါတယ်။”ဟု အလှူရှင်များကိုယ်စား လှူဒါန်းပေးသူတစ်ဦးက ပြောသည်။

မန္တလေးမှ အလှူရှင်များ ပေးပို့လှူဒါန်းသည့် ဆန်နှင့်ဆီများကို လားရှိုးမြို့ရှိ ယာယီနေရပ်စွန့်ခွာသူများ ရောက်ရှိခိုလှုံနေထိုင်လျက်ရှိသည့် နေရာလေးနေရာသို့ သွားရောက်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

စိုင်းထွန်း(လားရှိုး)