လယ်ဝေး ဖေဖော်ဝါရီ ၂၀
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ Quick Win အစီအမံ(၅)ရပ်အား ပြည်သူများ ကျယ်ပြန့်စွာလိုက်နာစေရန်အတွက် ရှောင်တခင်စစ်ဆေးခြင်းများကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင်၊ လယ်ဝေးမြို့နယ်၊ အေလာအုပ်စု၊ မြို့ရှောင်လမ်းနှင့် လေဆိပ်လမ်းဆုံနေရာတွင် နေပြည်တော်ယာဥ်ထိန်းတပ်ဖွဲ့မှ ဒုရဲမှူး အောင်ဝင်းစိုးနှင့်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်၊ မီးသတ်ဦးစီဌာန၊ မြို့နယ်မထသဥက္ကဋ္ဌနှင့် တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့သည် နေပြည်တော်အတွင်း ဖြတ်သန်းမောင်းနှင်လျက်ရှိသော မော်တော်ယာဥ် ၆၃ စီး၊ မော်တော်ဆိုင်ကယ် ၁၁၈ စီး၊ သုံးဘီးဆိုင်ကယ်တစ်စီး၊စုစုပေါင်း ၁၈၂ စီးတို့အား Quick Win အစီအမံ(၅)ရပ်အပါအဝင် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှုရှိ/မရှိ ရှောင်တခင်စစ်ဆေးဆောင်ရွက်ခဲ့ရာ မော်တော်ဆိုင်ကယ်ဦးထုပ်မဆောင်း ၁၁ မှု၊ မောင်းလိုင်စင်သက်တမ်းလွန်တစ်မှု၊ မောင်းလိုင်စင်မပါတစ်မှု၊ နံပတ်ပြားမပါတစ်မှု စုစုပေါင်းဆိုင်ကယ် ၁၄ မှု စစ်ဆေးဖမ်းဆီးအရေးယူခဲ့ပြီး သက်ဆိုင်ရာ မော်တော်ယာဥ်လိုင်စင် (ဝှီးတက်) အမောင်းလိုင်စင်များအား သိမ်းဆည်းကာ ချလံပြေစာဖြတ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝေကြည်(ပြန်/ဆက်)