လယ်ဝေး ဖေဖော်ဝါရီ ၂၀
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြစိမ်းရောင် အသားကဏ္ဍမွေးမြူရေးလုပ်ငန်းများဆောင်ရွက်သည့် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများအား စတုတ္တအကြိမ် ချေးငွေထုတ်ချေးခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါရုံးတွင် ကျင်းပသည်။
အခမ်းအနားသို့ လယ်ဝေးခရိုင်မွေးကုဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါက်တာဝင်းမြင့်သိန်း၊ လယ်ဝေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်၊ မြို့နယ်မွေးကုဦးစီးဌာန ဦးစီးအရာရှိ ဒေါက်တာမာလာသင်းနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများ တက်ရောက်သည်။
ရှေးဦးစွာ လယ်ဝေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်က အဖွင့်အမှာစကားပြောကြားပြီး၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ လယ်ဝေးခရိုင်ဦးစီးမှူး ဒေါက်တာဝင်းမြင့်သိန်းက ချေးငွေထုတ်ချေးပေးရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။ ထို့နောက် မြစိမ်းရောင်အသားကဏ္ဍမွေးမြူရေးလုပ်ငန်းလုပ်ကိုင်သည့် ပေါက်မြိုင်ကျေးရွာအုပ်စု၊ ပေါင်းလောင်းကျေးရွာရှိ မွေးမြူရေးလုပ်ကိုင်သူ ၁၉၇ ဦးအား ချေးငွေကျပ် ၅၅၀ သိန်းထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ဝေကြည်(ပြန်ဆက်)