နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်လုံးဆိုင်ရာ သာသနဥပတ္ထမ္ဘကအဖွဲ့မှ ကြီးမှူးကျင်းပသော ပဉ္စမအကြိမ် ဓမ္မာစရိယနှင့် ပထမပြန်စာအောင်သံဃာတော်များအား ဂုဏ်ပြုပူဇော်ပွဲနှင့် သံဃဒါနဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားတက်ရောက်

နေပြည်တော် ဖေဖော်ဝါရီ ၂၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်လုံးဆိုင်ရာ သာသနဥပတ္ထမ္ဘကအဖွဲ့မှ ကြီးမှူးကျင်းပသော ပဉ္စမအကြိမ်ဓမ္မာစရိယနှင့် ပထမပြန်စာအောင်သံဃာတော်များအား ဂုဏ်ပြုပူဇော်ပွဲနှင့် သံဃဒါနဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းတွင် ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက်ရှိ မစိုးရိမ်တိုက်သစ်ပရိယတ္တိစာသင်တိုက်၌ ကျင်းပရာ ဩဝါဒစရိယဆရာတော်ကြီးများ၊ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရ ဆရာတော်များ၊ စာအောင်သံဃာတော်များ ကြွရောက်တော်မူကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာများ၊ ဇမ္ဗူသီရိမြို့နယ်လုံးဆိုင်ရာ သာသနဥပတ္ထမ္ဘကအဖွဲ့မှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ အလှူရှင်များ တက်ရောက်ကြည်ညိုကြသည်။

အခမ်းအနားတွင် နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး ဗုဒ္ဓရောင်ခြည်တော်ဘွဲ့ ထူးမခြားနားသီချင်းခံသုံးပိုဒ်ဖြင့် သီဆိုတီးခတ်ပူဇော်သည်။

ထို့နောက် ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ သာယာကုန်းကျောင်းတိုက် ပဓါနနာယကဆရာတော် ဘဒ္ဒန္တဝါသဝအရှင်သူမြတ်ထံမှ ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ပြီး ဇမ္ဗူသီရိမြို့နယ် သံဃနာယကအဖွဲ့အကျိုးတော်ဆောင်၊ ရှားတောကျောင်းတိုက် ပဓါနနာယကဆရာတော် ဘဒ္ဒန္တဥတ္တရအရှင်သူမြတ်ထံမှ သာရဏီယဩဝါဒကထာ နာယူကြသည်။

ယင်းနောက် အလှူရှင်များက နဝကမ္မအလှူတော်ငွေများ ပေးအပ်လှူဒါန်းကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများက လက်ခံရယူကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများက ဩဝါဒါစရိယဆရာတော်ကြီး ခြောက်ပါး၊ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရ ဆရာတော်သုံးပါးတို့အား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းပြီး သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရ လူပုဂ္ဂိုလ်တစ်ဦးအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် အလှူရှင်များက ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်ကြီးများမှ ဂန္ထဝါစကစာချ ဆရာတော် ၁၈ ပါး၊ ပါဠိပထမပြန် စာမေးပွဲကြီးကြပ်ရေးဆရာတော်တစ်ပါးတို့အား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းပြီး စာအောင်သံဃာတော်များအား စာအောင်ဆုများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် ဇမ္ဗူသီရိမြို့နယ်လုံးဆိုင်ရာ သာသနဥပတ္ထမ္ဘကအဖွဲ့ဥက္ကဋ္ဌ၊ ဦးသန်းအောင်က ကျေးဇူးတင်ဝမ်းမြောက်စကားပြောကြား လျှောက်ထားပြီး ဇမ္ဗူသီရိမြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော် မစိုးရိမ်တိုက်သစ်ပဓါနနာယက၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တအဂ္ဂဓမ္မ အရှင်သူမြတ်ထံမှ ပရိတ်သတ်များက အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်းအမျှပေးဝေကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းကြသည်။

ဆက်လက်၍ သံဃဒါနဆွမ်းဆန်စိမ်းလောင်းပွဲကိုကျင်းပရာ နေပြည်တော်ကောင်စီ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ စေတနာရှင်အလှူရှင်များက ပင့်သံဃာ ၂၅ ပါး၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရဆရာတော်သုံးပါး၊ စာအောင်သံဃာတော် ၈၂ ပါး၊ စုစုပေါင်း ၁၁၀ ပါးတို့အား ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)