နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အတွင်း MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

နေပြည်တော် ဖေဖော်ဝါရီ ၂၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း MSME လုပ်ငန်းများ ဖွံ့ဖြိုးရေးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း MSME လုပ်ငန်းများ အရှိန်မဟုန်မြှင့် ဖွံ့ဖြိုးတိုးတက်လာစေရန် ရင်းနှီးမြှုပ်နှံမှုများအတွက် အရင်းအနှီးချေးငွေများ ထောက်ပံ့ပေးရေး၊ အရည်အသွေးကောင်းမွန်သောထုတ်ကုန်များ ထုတ်လုပ်နိုင်ရန်အတွက် နည်းပညာများမြှင့်တင်၍ တိုးတက်အောင်ဆောင်ရွက်ပေးရေး၊ မိရိုးဖလာထုတ်လုပ်မှုမှ အဆင့်မြင့်နည်းပညာ စက်ပစ္စည်းများဖြင့် ထုတ်လုပ်နိုင်ရေး၊ ကုန်ထုတ်ပစ္စည်းများ ဈေးကွက်များရရှိရေးအတွက် ချိတ်ဆက်ဆောင်ရွက်ပေးရေး၊ Online Digital စနစ်ဖြင့် ရောင်းချနိုင်ရေး ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ One Region One Product ထုတ်ကုန်များနှင့်ပတ်သက်၍ Action Plan များ ရေးဆွဲအကောင်အထည်ဖော်ဆောင် ရွက်သွားကြရမှာဖြစ်ကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးကိုအခြေခံပြီး MSME တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်ခြင်း၊ ပို့ကုန်တိုးမြှင့်ထုတ်လုပ်ခြင်း၊ သွင်းကုန်အစားထိုးပို့ကုန်များထုတ်လုပ်ခြင်း၊ ဒေသအတွင်း ကျယ်ကျယ်ပြန့်ပြန့်ရောင်းချနိုင်ခြင်း၊ ပြည်တွင်းထုတ်ကုန်များကို ပြည်ပဈေးကွက်အထိ ထိုးဖောက်နိုင်ရေးအတွက် ကုန်ပစ္စည်းများ၏ အရည်အသွေးနှင့် ထုပ်ပိုးမှုနည်းပညာပိုင်းများ တိုးတက်ရေးကို အလေးထားဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ စွန့်ဦးတီထွင်သူများကို ဖိတ်ခေါ်ပြီး အလုပ်ရုံဆွေးနွေးပွဲများ၊ နည်းပညာများပေးခြင်း၊ သရုပ်ပြပညာပေးဟောပြောခြင်းများကို ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ထို့အပြင် အမယ်သစ်ပို့ကုန်ထုတ်လုပ်မှုများကို ပြည်တွင်းဈေးကွက်ထိုးဖောက်နိုင်ရေး ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ MSME လုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အားလုံးက အင်တိုက်အားတိုက် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းဦးက နေပြည်တော် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ငွေကြေးအရင်းအနှီး သွင်းအားစုများ ထောက်ပံ့ပေးနိုင်မှု၊ နည်းပညာများထောက်ပံ့ပေးမှု၊ ဈေးကွက်ရရှိရေး ဖန်တီးပေးမှု၊ အခြေခံအဆောက်အဦများ ဆောင်ရွက်ပေးမှုနှင့် အခြားဆောင်ရွက်ပေးနိုင်မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက နေပြည်တော် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ဖြည့်စွက်ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍများအလိုက် ဆောင်ရွက်နေမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့်အခြေအနေများကို အသီးသီးရှင်းလင်းတင်ပြကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)