ကျိုက်မရော၌ လယ်​ယာ​မြေ မြေလွတ်များ၌ တစ်နိုင်တစ်ပိုင်စိုက်ပျိုးထားသည့် ကန်စွန်းဥများအောင်မြင်ဖြစ်ထွန်း

ကျိုက်မရော ဖေဖော်ဝါရီ ၁၉

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ စပယ်ဂူလမ်းဟောင်းရှိလယ်ယာမြေများတွင် မြေအောက်ရေအသုံးပြု၍ တစ်နိုင်တစ်ပိုင်စိုက်ပျိုးထားသည့် ကန်စွန်းဥများအထွက်နှုန်းကောင်းပြီး စျေးကောင်းလည်းရရှိသဖြင့် တောင်သူများမိသားစု အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ကျိုက်မရောမြို့၊ စပယ်ဂူလမ်းဟောင်းပိုင်းရှိလယ်မြေများတွင် မြေအောက်ရေသွင်း၍ ဒေသတွင်းစားရေရိက္ခာဖူလုံစေရန်နှင့် ပြည်သူများစားနပ်ရိက္ခာအတွက် အထောက်အကူဖြစ်စေရန်နှင့် မိသားစုအပိုဝင်ငွေရရှိစေရေးကန်စွန်းဥပင်စိုက်ပျိုးရာ၌ ကန်စွန်းညွန့်ကိုတိုက်ရိုက်ချစိုက်ပြီး ရက်ပေါင်း ၂၀ ကျော်လျှင်ဘောင်ဖော်ပြီးအရွက်များ ရှင်သန်ကြီးထွားစေရန်နှင့် တစ်ပင်နှင့်တစ်ပင်မထပ်စေရန်အတွက် အပင်အားချဲပြီးစိုက်ပေးရကြောင်း စိုက်ပျိုးပြီး(၄၅)ရက်အကြာ၌ ဥကန်စွန်းများစတင်ထွက်ရှိလာပြီး တူးဖော်ရောင်းချ၍ရပြီဖြစ်​ကြောင်း ကန်စွန်းဥစိုက်ပျိုး ရောင်းချသူဦးကျော်စိုး၏ ပြောပြချက်အရ သိရသည်။

ယခုနှစ်တွင် ကန်စွန်းဥအထွက်နှုန်းကောင်း၍ စျေးလည်းကောင်းသဖြင့် စိုက်ပျိုးသူတောင်သူများ မိသားစု စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)