မိုင်းယန်း ဖေဖော်ဝါရီ ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့မွန်းလွဲ ၂ နာရီက စာပေချစ်မြတ်နိုးသူများအသင်းမှ စာရေးဆရာ မောင်မိုးယံ ရေးသားထားသော “လူငယ်နှင့်အနာဂတ်ဘဝမြှင့်တင်ရေးဆောင်းပါးများ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ဆွေးနွေးကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားပြီး စာရေးဆရာ မောင်မိုးယံ ရေးသားထားသော “လူငယ်နှင့်အနာဂတ်ဘဝမြှင့်တင်ရေးဆောင်းပါးများ” စာအုပ်မှ “လူငယ်နှင့်တက်လမ်း”ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးသည်။ ထို့နောက် Book Club အသင်းဝင် ဒေါ်ဇာဇာဝင်းက “လူငယ်နှင့်ဘဝအရင်းအနှီး” ခေါင်းစဉ်ဖြင့် လူငယ်များအားလုံး ဘဝအရင်းအနှီးကို အကျိုးရှိစွာအသုံးချရမည့် အကြောင်းအရာများဖြင့်လည်းကောင်း၊ Book Club အသင်းဝင် ဒေါ်စိုးပြည့်ပြည့်ထွေးက “လူငယ်နှင့်လူမှုဆက်ဆံရေး” ခေါင်းစဉ်ဖြင့် မိမိစိတ်နေစိတ်ထားကို ရည်မွန်သည့်ဆက်ဆံခြင်းဖြင့် ပြုမှုနေထိုင်သင့်ပုံ အကြောင်းအရာများဖြင့်လည်းကောင်း၊ စာပေချစ်မြတ်နိုးသူများအသင်းဝင် ဒေါ်ခင်ချိုဝင်းက “လူငယ်နှင့်စာပေမြတ်နိုးစိတ်” ခေါင်းစဉ်ဖြင့် လူငယ်များအနေဖြင့် အနာဂတ်ရည်မှန်းချက်ပန်းတိုင်ကို အောင်မြင်စွာလျှောက်လှမ်းနိုင်ရန် စာအုပ်စာပေများကို လေ့လာမှတ်သားချစ်မြတ်နိုးသင့်ပုံ စသည့်အကြောင်းအရာများဖြင့် အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းထူး