မုဒုံမြို့ရှိ သမိုင်းဝင်ဆံတော်ရှင်ကန်ကြီးစေတီတော်မြတ်ကြီးတွင် (၁၄)ကြိမ်မြောက် မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကျင်းပ

မုဒုံ    ဖေဖော်ဝါရီ     ၁၉

မွန်ပြည်နယ်၊ မုဒုံမြို့ကျက်သရေဆောင် သမိုင်းဝင်ဆံတော်ရှင် ကန်ကြီးစေတီတော်မြတ်ကြီးတွင် (၁၄)ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက စေတီတော်အတွင်းရှိ ဓမ္မာရုံ၌ ကျင်းပသည်။

ရှေးဦးစွာ“နမောတဿ”သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားအား စတင်ဖွင့်လှစ်ခဲ့ပြီး ကန်ကြီးစေတီတော် သြဝါဒစရိယ ကျောင်းသစ်ကျောင်းတိုက်မှ ဘဒ္ဒန္တစန္ဒန(လမင်းဆရာတော်)ထံမှ စေတီတော်ဂေါပကအဖွဲ့ဥက္ကဋ္ဌဦးရွှေသိန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် ဧည့်ပရိသတ်အပေါင်းတို့က ငါးပါးသီလခံယူဆောက်တည်ကြသည်။ ထို့နောက် ဆရာတော်ကြီးက မဟာပဋ္ဌာန်းကျမ်းဂန်ဒေသနာတော်အဖွင့် မြွက်ကြားပူဇော်သည်။ ဆက်လက်၍ စေတီတော်ဂေါပကအဖွဲ့နှင့် အလှူရှင်များက သံဃာတော်အရှင်သူမြတ်(၂၄)ပါးအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

အဆိုပါ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို (၆)ရက်တိုင်တိုင် သံဃာတော်အရှင်သူမြတ်အပေါင်းတို့က ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ရာ ပဋ္ဌာန်းပိတ်ပွဲနှင့် ရေစက်ချအခမ်းအနားကို တပို့တွဲလပြည့်နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)