ရန်ကုန် ဖေဖော်ဝါရီ ၁၉
မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသော (President Cup) ဥက္ကဋ္ဌဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ၏ ဝါသနာရှင်အဆင့်ပြိုင်ပွဲဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ ရန်ကုန်ဂေါက်ကွင်း(တညင်းကုန်း)၌ပြုလုပ်ရာ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်၊ ရန်ကုန်ဂေါက်ကွင်းတို့မှတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် နာယကဦးအောင်ကြည်၊ ဥက္ကဋ္ဌဦးကိုကိုအေး၊ တွဲဖက်အတွင်းရေးမှူး ဦးမြင့်အောင်နှင့်ဦးကျော်ကိုကိုချစ်၊ ဘဏ္ဍာရေးမှူးဦးဇေယျာအောင်၊ ဗဟိုအလုပ်အမှုဆောင်ဦးတင်မောင်မောင်ဝင်း၊ ဦးအောင်ကိုဇော်နှင့် ရန်ကုန်ဂေါက်ကွင်း အလုပ်အမှုဆောင် ဦးအောင်ဌေးလှိုင်တို့က အလှည့်ကျ ဂေါက်သီးရိုက်၍ဖွင့်လှစ်ပေးပြီး ပထမနေ့ ၁၈ ကျင်းပြိုင်ပွဲကို စတင်ယှဉ်ပြိုင်ကြသည်။
ယနေ့ ပြိုင်ပွဲတွင် ဝါသနာရှင်အဆင့်(အမျိုးသား) ၁၄၇ ဦး၊ ဝါသနာရှင် အဆင့်(အမျိုးသမီး)၂၄ ဦး၊ ဝါသနာရှင်အဆင့် သက်ကြီးတန်း (အသက် ၅၅)နှစ်နှင့် အထက် ၂၆ ဦး စုစုပေါင်း အားကစားသမား ၁၉၇ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ပြိုင်ပွဲကို မျိုးဆက်သစ်ဂေါက်သီးအားကစားသမားများ၏ လက်ရည်အဆင့်အတန်း တိုးတက်လာစေရန်နှင့် နိုင်ငံတကာအဆင့်မီ ယှဉ်ပြိုင်နိုင်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။
ပြိုင်ပွဲကို ရန်ကုန်မြို့ရှိ ရန်ကုန်ဂေါက်ကွင်း(တညင်းကုန်း)၌ ဖေဖော်ဝါရီ ၁၉ ရက်နေ့မှ ၂၂ ရက်နေ့အထိ လေးရက်ကြာပြုလုပ်သွားမည်ဖြစ်သည်။
အောင်မြင့်(ပြန်/ဆက်)