မန္တလေး နိုဝင်ဘာ ၃
မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ လမ်းညွှန်ချက်များအား ထပ်ဆင့် အသိပေး ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ ညနေ၃နာရီက မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးအား ယာယီဖွင့်လှစ်ထားသော အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးရန်လုံရပ်ကွက်၊ အကွက်(၆၂)၊ ၁၆လမ်းနှင့် ၈၆လမ်းထောင့်ရှိ အမြောက်တန်း သစ်လွင်ဓမ္မာရုံ၌ ကျင်းပသည်။
ထပ်ဆင့်အသိပေး ရှင်းလင်းဆွေးနွေးပွဲတွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဒေါက်တာကိုကိုကြီးက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ညွှန်ကြားလာသော ရွေးကောက်ပွဲဆိုင်ရာ လမ်းညွှန်ချက်များအား ထပ်ဆင့် အသိပေးရှင်းလင်းဆွေးနွေးရာရွေးကောက်ပွဲကျင်းပသည့်နေ့တွင် မဲရုံအတွင်းနှင့်မဲရုံမှ ကိုက်၅၀၀အတွင်း တွင် လည်းကောင်း၊ သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲများတွင်ကြိုတင်ဆန္ဒမဲပေးရာတွင် လည်းကောင်း၊ မဲဆွယ် စည်းရုံးရာရောက်သည့် ပြုမူပြောဆိုမှုများမပြုစေရေး မဲဆန္ဒရှင်များကို အသိပညာပေးရန်ကိစ္စ၊ ရွေးကောက်ပွဲနေ့ တွင် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စနစ်တကျလိုက်နာ ဆောင်ရွက်စေရေးကိစ္စ၊ မဲရုံအတွင်း ဓာတ်ပုံရိုက်ကူးခြင်းနှင့် အသံဖမ်းယူခြင်းကို ခွင့်မပြုကြောင်း အကြောင်းကြားခြင်းကိစ္စ၊ ကြိုတင်ဆန္ဒမဲ လက်မှတ်များ ရေတွက်ခြင်းကိစ္စ၊ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် မဲရုံအသီ သီးသို့လာရောက်ကြမည့် သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်လောင်းများ၊ ရွေးကောက်ပွဲကိုယ်စားလှယ်များ၊ မဲရုံကိုယ်စား လှယ်များနှင့် အကူကိုယ်စား လှယ်များအတွက် ဝတ်စားဆင်ယင်မှု သတ်မှတ်ခြင်းကိစ္စများ အကြောင်းကို အသိပေးရှင်းလင်း ဆွေးနွေးသည်။
ဆက်လက်၍မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဒေါ်နှင်းနှင်းက ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ လမ်းညွှန်ချက်များနှင့်အညီ လုပ်ငန်းများ ဆောင်ရွက်နေသည့် အခြေအနေနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ လမ်းညွှန်ချက်များကို နိုင်ငံရေးပါတီများမှ မြို့နယ် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီဝင်များ သိရှိစေရန်နှင့်နိုင်ငံရေး ပါတီများကလိုက်နာဆောင်ရွက်ကြစေရန်တို့အတွက် အသိပေးရှင်းလင်း ဆွေးနွေးရခြင်းဖြစ်ကြောင်း ဆွေးနွေးသည်။
ထို့နောက်တက်ရောက်လာကြသည့် နိုင်ငံရေးပါတီများမှ မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီဝင်များက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့က ပြန်လည်ရှင်းလင်းဆွေးနွေးကြသည်။
အဆိုပါ ထပ်ဆင့်အသိပေး ရှင်းလင်းဆွေးနွေးပွဲသို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက် ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်းရေးကော်မတီဝင်များ တက်ရောက်ခဲ့ ကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)