သထုံ ဖေဖော်ဝါရီ ၁၉
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် သထုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စာပေချစ်မြတ်နိုးသူများ(Book Club)အဖွဲ့၊ မြို့နယ်အမျိုးသမီးများအသင်း(Woman Club)နှင့် မြို့နယ်စာရေးဆရာများအသင်းတို့ပူးပေါင်းကာ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်သည်။
ဆွေးနွေးပွဲတွင် ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်လှလှဌေးက စာဖတ်ဝိုင်းပြုလုပ်ရသည့်ရည်ရွယ်ချက်နှင့် လူထုအခြေပြုဗဟိုဌာန၌ လစဉ်စာဖတ်ဝိုင်းများပြုလုပ်နေမှုအခြေအနေတို့ကို ရှင်းလင်းပြောကြားပြီး မြို့နယ်စာရေးဆရာများအသင်းဥက္ကဋ္ဌ စာရေးသူရွှေထုံခင်သီတာလှိုင်က စာပေရေးရာများကို ဆွေးနွေးပြောကြားသည်။
ယင်းနောက် မြို့နယ်စာရေးဆရာများအသင်းဥက္ကဋ္ဌ စာရေးသူရွှေထုံခင်သီတာလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များနှင့် မြို့နယ်အမျိုးသမီးများအသင်း(Woman Club) အဖွဲ့ဝင်များက စာရေးသူမြင်းခြံကျော်အောင်(ခ)သန်းထက်စံရေးသားသည့် "ကြီးပွားအောင်မြင် အောင်ပန်းကိုဆင်" စာအုပ်ကို အခန်းအလိုက်ဖတ်ရှုပြီး မှတ်သားဖွယ်ရာများ၊ ၎င်းတို့ နှစ်သက်ရာများကို အပြန်အလှန်သုံးသပ် ဆွေးနွေးခဲ့ကြသည်။
အဆိုပါစာဖတ်ဝိုင်းဆွေးနွေးပွဲသို့ သထုံမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ (Book Club)အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးများအသင်း(Woman Club) အဖွဲ့ဝင်များ၊ မြို့နယ်စာရေးဆရာများအသင်းမှ စာပေပညာရှင်များ၊ ဝါသနာရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်