ကျောက်ပန်းတောင်း ဖေဖော်ဝါရီ ၁၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာများနှင့် ပတ်သက်၍ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ယနေ့ နံနက် (၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စကားဝါမြေခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်က ပြည်သူ့ စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများနှင့် ပတ်သက်၍ ပြည်သူ့စစ်မှုထမ်းဥပဒေ၏ ရည်ရွယ်ချက်များ၊ စစ်မှုထမ်းရမည့် အသက်အရွယ် အပိုင်းအခြား၊ စစ်မှုထမ်းဆောင်ရမည့် ကာလ၊ စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ရမည့်သူများ၊ စစ်မှုထမ်းဆောင်ခြင်းမှ ယာယီရွှေ့ဆိုင်းခွင့်ရနိုင်သူများ၊ ပြည်သူ့စစ်မှုထမ်း ဥပဒေအရ ရရှိနိုင်မည့် အခွင့်အရေးများ၊ စစ်မှုထမ်းဆောင်ခြင်းမှ ရှောင်လွှဲပါက ကျသင့်မည့် ပြစ်ဒဏ်များ၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များကို ရှင်းလင်းပြောကြားပြီး၊ ယခုကာလသည် ပြည်သူ့ စစ်မှုထမ်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ချမှတ်ခြင်းမရှိသေးသဖြင့် မလိုလားအပ်သည့် မီဒီယာအချို့၏ ကောလာဟလ လုပ်ကြံသတင်းများကြောင့် စိုးရိမ်ကြောင့်ကြဖြစ်ရန် မလိုကြောင်းတို့ကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအနေဖြင့် မိမိတို့ ဌာန/ရပ်ကွက်၊ ကျေးရွာများတွင် ယခုရှင်းလင်းပွဲမှ ဖြန့်ဝေလိုက်သည့် လက်ကမ်းစာစောင်ပါ အချက်အလက်များအတိုင်း တစ်ဆင့်ပြန်လည်မျှဝေ အသိပေးကြစေလိုကြောင်းနှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ/ စာရေးဝန်ထမ်းများအနေဖြင့် မိမိတို့ ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် လူဦးရေစာရင်းများကို မှန်ကန်မှုရှိအောင် ပြုစုထားရှိရမှာ ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။ ယင်းနောက် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက မေးမြန်းသည်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့် အဖွဲ့ဝင် (၁) ဗိုလ်မှူး နောင်ထွန်းနီတို့က ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များ အင်အား (၂၀၆) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)