ပူတာအိုခရိုင်၌ အသေးစားလက်တွန်းထွန်စက်လွှဲပြောင်းပေးအပ်

ပူတာအို ဖေဖော်ဝါရီ ၁၉

ကချင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ပူတာအိုခရိုင်ခရီးစဉ်အတွင်း ကချင်ပြည်နယ်စက်မှု လယ်ယာဦးစီးဌာနမှ အသေးစားလက်တွန်းထွန်စက် (၁၂)စီးအား လွှဲပြောင်းပေးအပ်ခြင်းကို ဖေဖော်ဝါရီ (၁၇) ရက်နေ့တွင် ပူတာအိုခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကချင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့်တကွ ကချင်ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် စက်ဝယ်ယူသူ တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် နှင့် ပြည်နယ်စက်မှုလယ်ယာဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးရဲမြင့်တို့က စက်မှုလယ်ယာဦးစီးဌာနမှ ပူတာအိုဒေသအတွင်းရှိ ဝေးလံဒေသများတွင်ရှိသော လုပ်ကွက်ငယ်တောင်သူများအတွက် တစ်ပိုင် တစ်နိုင် အသေးစားလယ်ယာသုံးစက်ကိရိယာများ ပိုမိုသုံးစွဲလုပ်ကိုင်လာနိုင်စေပြီး ဒေသဖွံ့ဖြိုး တိုးတက်ရေးကို အထောက်အကူပြုစေရန်အတွက် အရစ်ကျစနစ် (၂ နှစ် ၃ ရစ်) ဖြင့် ရောင်းချပေးသည့် (777) အမှတ်တံဆိပ် (188F) အသေးစားလက်တွန်းထွန်စက်(၁၂)စီးကို ဒေသခံတောင်သူများထံ လွှဲပြောင်းပေးအပ်ခဲ့ကြသည်။

ကချင်ပြည်နယ်စက်မှုလယ်ယာဦးစီးဌာနမှ လွှဲပြောင်းပေးအပ်သော (777) အမှတ်တံဆိပ် (188F) အမျိုးအစား အသေးစားလက်တွန်းထွန်စက် (၁၂)စီးကို ပူတာအိုမြို့နယ်၊ ပူတောင်းကျေးရွာအုပ်စု၊ ကျေးရွာ(၄)ရွာရှိ တောင်သူ(၁၂)ဦးအား အရစ်ကျစနစ်ဖြင့် ဖြန့်ဖြူးရောင်းချပေးခဲ့ခြင်းဖြစ်ပြီး စက်မှု လယ်ယာဦးစီးဌာနအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ဒုတိယအကြိမ်အနေဖြင့် အသေးစားလက်တွန်းထွန်စက် (၁၁)စီးအား မကြာမီ ထပ်မံဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)