တံတားဦးမြို့နယ် သူငယ်တော်ကျေးရွာ ကန်ရိုးဘုန်းတော်ကြီးကျောင်းတွင် (၃၈၇) ကြိမ်မြောက် သံဃာ့ဒါန ဆွမ်းလောင်းလှူ ပူဇော်

တံတားဦး ဖေဖော်ဝါရီ ၁၉

တံတားဦးခရိုင် တံတားဦးမြို့နယ် သူငယ်တော်ကျေးရွာ ကန်ရိုးဘုန်းတော်ကြီးကျောင်း (ခ) ညောင်ပင်သာဘုန်းတော်ကြီးကျောင်းတွင် ဆရာတော်သံဃာတော်များအား (၃၈၇) ကြိမ်မြောက် သံဃာ့ဒါန ဆွမ်းလောင်းလှူပွဲကို ယနေ့ နံနက် (၈) နာရီက အဆိုပါ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပကြောင်း သိရသည်။

သူငယ်တော်ကျေးရွာတွင် ဆရာတော် သံဃာတော်များ အေးချမ်းစွာ သီတင်းသုံးနိုင်ရန်အတွက် ရှေးယခင်လက်ထက်ကတည်းက ဆယ်နှစ်လလုံး တစ်လ တစ်ခါ ဆွမ်းလောင်းလှူပွဲတွေ ရှိပါတယ်၊ ထူးခြားချက်အနေနဲ့ ဝါတွင်းသုံးလ ကာလပတ်လုံး ဆွမ်းလောင်းလှူပွဲ ကျင်းပရာ ဝါဆိုလဆန်း (၈)ရက်နေ့မှ သီတင်းကျွတ်လပြည့်နေ့အအထိ လစဉ်လဆန်း (၈)ရက်၊ လပြည့်ကျော်(၈)ရက်၊ လဆန်း (၁၅)ရက်နေ့နှင့် လပြည့်ကျော် (၁၅)ရက် ဥပုဒ်နေ့တိုင်း ဆွမ်းနှင့် ဆွမ်းဟင်းများ လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူကြသည်။ တန် ၊ ပြေ ၊ ‌ရွှေ ၊ ကူ ၊ မြ ၊ ချမ်း ၊ ရေ ၊ သိမ် ၊ တော ၊ တောင် ၊ ဘုံ ၊ ချယ် ၊ တိုက် ၊ ဘွား ဘုရားဟု အလှည့်ကျ လောင်းလှူကြသည်။ အဆိုပါ ကျေးရွာတွင် ထူးခြားသည့်အချက်မှာ ရွှေဘုံသာဘုရား၊ အုဌ်တိုက်ဘုရားနှင့် ယနေ့လောင်းလှူကြသည့် ဘွားဘုရားတို့တွင် စာရေးတံမဲနှင့် ဆွမ်း၊ ဆွမ်းဟင်းများ လှူဒါန်းကြကြောင်း ဒါ့အပြင် ဘုန်းတော်ကြီးတို့ ကျေးရွာမှာ လစဉ် ဆွမ်းလောင်းလှူပွဲတွေရှိတယ်၊ ယခုဆိုလျှင် (၃၈၇) ကြိမ်မြောက် ဆရာတော်သံတော် (၁၃၅) ပါးအား ဆရာတော် သံဃာတော် တစ်ပါးလျှင် စာရေးတံမဲ(၂)မဲနှင့် လှူဖွယ်ပစ္စည်းများ ဆွမ်း၊ ဆွမ်းဟင်းများ လောင်းလှူကြကြောင်း  ကန်ရိုးဘုန်းတော်ကြီးကျောင်းဆရာတော် ဘဒ္ဒန္တပဏ္ဍိတ၏ မြွက်ကြားချက်အရ သိရသည်။

ထို့နောက် ဆွမ်းလောင်းလှူပွဲသို့ ကြွရောက်လာသော ဒါယကာ၊ ဒါယိကာမများက သက်တော်ရှည် တံတားဦးမြို့နယ် ရေလည်ပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယကဘဒ္ဒန္တ ဝိလာသထံမှ ရှစ်ပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်မှ အနုမောဒနာတရား ချီးမြှင့်ကာ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်ချ အမျှပေးဝေကြကြောင်း သိရသည်။

ရဲတင့်( ပြန်/ဆက်)