ပျော်ဘွယ်မြို့နယ်တွင် စာဖတ်ရှိန် မြှင့်တင်ရေး စာဖတ်ဝိုင်း ကျင်းပ

ပျော်ဘွယ် ဖေဖော်ဝါရီ ၁၉

ပျော်ဘွယ်မြို့နယ်ရုံးတွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်းဝင်များနှင့် စာပေဝါသနာရှင်များ စုပေါင်း၍ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခြင်းကို ယနေ့ မွန်းလွဲ (၁) နာရီက မြို့နယ်ရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးပြီး အသင်းဝင်များနှင့် စာပေဝါသနာရှင်များက စာရေးဆရာ မောင်ငြိမ်းသူ (ကြို့ပင်ကောက်) ရေးသားသည့် “ပန်းလည်းလှစေပျားလည်းဝစေ” စာအုပ်မှ အကြောင်းအရာများကို ဖတ်ရှုကာ မိမိတို့၏ အတွေးအမြင်များကို အပြန်အလှန် ဆွေးနွေးကြသည်။

စာပေဝါသနာရှင်များက ယခုစာအုပ်တွင် စာရေးဆရာသည် စာအုပ်၏ အဓိပ္ပါယ် ဖွင့်ဆိုထားမှုများ၊ စာပေဖတ်ရှုရမည့် အချိန်အခါနှင့် နည်းလမ်းများ၊ အသက်အရွယ်အလိုက် အကျိုးသက်ရောက်မှုများ၊ စာပေဖတ်ရှုရာတွင် ထားရှိရမည့် သဘောထားများ၊ မည်သည့်လူမျိုးမဆို တိုးတက်ရန်အတွက် စာဖတ်သည့် အလေ့အကျင့်ရှိရန် လိုအပ်နေမှု အခြေအနေများ၊ စာပေ၏ အကျိုးကျေးဇူး အထူးထူးကို ဖော်ပြထားပြီး အမြဲဖတ်သင့်သည့် စာအုပ်ကောင်းဖြစ်ကြောင်းတို့ကို ဝိုင်းဝန်း ဆွေးနွေးခဲ့ကြသည်။

မင်းမင်းထွေး(ပျော်ဘွယ်)