ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် အသက် (၅၀) နှစ်နှင့်အထက် ကျန်းမာရေးဝန်ထမ်းများအား ကျန်းမာရေးစစ်ဆေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်စတင်ဆောင်ရွက်

ပုဗ္ဗသီရိ ဖေဖော်ဝါရီ ၁၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းတွင် အသက်(၅၀)နှစ်နှင့်အထက် ကျန်းမာရေးဝန်ထမ်းများအား ကျန်းမာရေးစစ်ဆေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်စတင် ဆောင်ရွက်ခြင်းအနေဖြင့် ပုဗ္ဗသီရိမြို့နယ် နေပြည်တော် ခုတင်-၃၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် အသက်(၅၀)နှစ်နှင့်အထက် ကျန်းမာရေးဝန်ထမ်းများအား အထူးကုဆရာဝန်ကြီး (ဆေးပညာ) ဒေါက်တာပြည့်လင်းလင်းဇော် ဦးဆောင်သည့် ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေး စောင့်ရှောက်ပေးခြင်းကို  ယနေ့နံနက်ပိုင်းက  စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ အသက်(၅၀)နှစ်နှင့်အထက် ကျန်းမာရေးဝန်ထမ်းများအား ကျန်းမာရေးစစ်ဆေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်ဆောင်ရွက်ခြင်းဖြင့်် ကျန်းမာရေးဝန်ထမ်းများ၏ ကိုယ်ပိုင်ငွေကြေးကုန်ကျစရိတ် လျော့နည်းစေပြီး အရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုရရှိစေရန်နှင့် ရောဂါရှိသော်လည်း ရောဂါလက္ခဏာမပြသေးသောသူများတွင် ကြိုတင်၍ ရောဂါရှာဖွေစစ်ဆေးခြင်းဖြင့် ရောဂါများကို အချိန်မီတွေ့ရှိကုသနိုင်ခြင်း၊ ပိုမိုပြင်းထန်သောရောဂါများနှင့် နောက်ဆက်တွဲ ကျန်းမာရေးပြသာနာများကို ရှောင်လွှဲနိုင်စေရန်ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်သည်။ ယနေ့တွင် အသက်(၅၀)နှစ်နှင့် အထက် နေပြည်တော် ခုတင်-၃၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီး၊ ပုဗ္ဗသီရိမြို့နယ်နှင့် ဥတ္တရသီရိမြို့နယ်များမှ ကျန်းမာရေးဝန်ထမ်း (၃၈) ဦးအား ကျန်းမာရေး စောင့်ရှောက်မှုပေးနေမှုများကို နေပြည်တော် ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနမှူး ဒေါက်တာသန်းနိုင်စိုးနှင့် နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၃၀၀) မှ ဆေးရုံအုပ်ကြီး ဒေါက်တာသီတာစိုးတို့က လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

သန်းသန်းနွယ်(ပုဗ္ဗ)