ဇေယျာသီရိ ဖေဖော်ဝါရီ ၁၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပင်လောင်းလမ်းဘေးရှိ လယ်ယာမြေများ စနစ်ကျလယ်ယာမြေဖော်ဆောင်နိုင်ရေးအတွက် တိုင်းအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံတောင်သူများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက မအူတောကျေးရွာအုပ်စု၊ စိမ်းစားပင်ကျေးရွာ စိုက်ပျိုးစီးပွားအသိပညာပေးစင်တာ၌ ကျင်းပခဲ့သည်။
တွေ့ဆုံဆွေးနွေးပွဲတွင် ဇေယျာသီရိခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟန်ဝင်းထူးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး နေပြည်တော် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးခင်ဇော်မှ စနစ်တကျလယ်ယာဖော်ထုတ်ခြင်း၏ အကျိုးရလဒ်များ၊ ရေပေးဝေမည့် အခြေအနေများအား ရှင်းလင်းခြင်း၊ နေပြည်တော် စက်မှုလယ်ယာဦးစီးဌာနမှူး ဦးနိုင်ဦးမှ စနစ်တကျ လယ်ယာဖော်ထုတ်နိုင်ရေးအတွက် တောင်သူများ၏ သဘောတူညီမှုရရှိရန်လိုအပ်ကြောင်းနှင့် သဘောတူညီမှုရရှိပါက စနစ်တကျလယ်ယာ ဖော်ထုတ်နိုင်ရေးဆောင်ရွက်မည့်အစီအစဉ်များ ရှင်းလင်းပြောကြားခြင်း၊ နေပြည်တော် စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယတိုင်းဦးစီးမှူး ဒေါ်ခင်မြမြသွင်မှ နေပြည်တော်အတွင်း ဧက ၁၄၀၀၀ ခန့်အား စနစ်တကျ လယ်ယာဖော်ထုတ်လျက်ရှိပြီး တောင်သူများအနေဖြင့် သွားရောက်လေ့လာပြီး စနစ်တကျ လယ်ယာဖော်ထုတ်လုပ်ခြင်း၏ အကျိုးကျေးဇူးများအား လေ့လာသိရှိစေလိုကြောင်းပြောကြားခဲ့သည်။ ယင်းနောက် တက်ရောက်လာသည့် တောင်သူများက စနစ်ကျလယ်ယာမြေဖော်ဆောင်ခြင်းနှင့်ပတ်သက်၍ သိရှိလိုသည်များ မေးမြေန်းဆွေးနွေးခဲ့ရာ ဇေယျာသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေထက်အောင်နှင့် တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ပြီး စနစ်ကျလယ်ယာဖော်ထုတ်မည့် ဦးစားပေး ၁/၂/၃/၄ နေရာများသို့ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)