ရှမ်းပြည်နယ်လုံးဆိုင်ရာ (၂၃)ကြိမ်မြောက် ပရိယတ္တိသဒ္ဓမ္မပါလ စာမေးပွဲအောင်လက်မှတ်ပေးအပ်ခြင်းနှင့် ရေစက်ချပွဲ အခမ်းအနားကျင်းပ

မိုင်းရယ် ဖေဖော်ဝါရီ ၁၉

၂၀၂၂-၂၀၂၃ ခုနှစ် ရှမ်းပြည်နယ်လုံးဆိုင်ရာ (၂၃)ကြိမ်မြောက် ပရိယတ္တိသဒ္ဓမ္မပါလ (ရေးဖြေနှင့်အာဂုံပြန်) စာမေးပွဲကို ဖြေဆိုအောင်မြင်ခဲ့သည့် သံဃာတော်များအား အောင်လက်မှတ်ပေးအပ်ခြင်းနှင့် ရေစက်ချပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မိုင်းရယ်မြို့၊ ပရိယတ္တိစာသင်တိုက်၊ ဆိုင်မိန်းကျောင်း၊ ဓမ္မာရုံတွင် ပြုလုပ်သည်။

ရှေးဦးစွာ အခမ်းအနားသို့ တက်ရောက်လာကြသည့် ဧည့်ပရိသတ်များက မြို့နယ်သံဃာ့နာယကအဖွဲ့ဝင်၊ မြို့နယ်ပရိယတ္တိသဒ္ဓမ္မပါလ(ဥက္ကဋ္ဌ) ဇေယျမင်္ဂလာမိုင်းဟိုင်းကျောင်းဆရာတော် ဘဒ္ဓန္တပဏ္ဍိတဓမ္မအအမှူးပြုသော ဆရာတော်ကြီးများထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

ထို့နောက် အမှတ်(၂)လှုပ်ရှားစစ်ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး မျိုးထွဋ်အောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဂေါပကအဖွဲ့ဝင်များက ဆရာတော်ကြီးများထံ သံဃာတော်ဆိုင်ရာ ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ကြသည်။ ဆက်လက်၍ အလှူရှင်များက ဆရာတော်ကြီးများနှင့် ၂၀၂၂-၂၀၂၃ ခုနှစ် ရှမ်းပြည်နယ်လုံးဆိုင်ရာ (၂၃)ကြိမ်မြောက် ပရိယတ္တိသဒ္ဓမ္မပါလ (ရေးဖြေနှင့်အာဂုံပြန်) စာမေးပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် သံဃာတော်များအား နဝကမ္မဝတ္ထုတို့ကို လှူဒါန်းခဲ့ကြသည်။

ယင်းနောက် မြို့နယ်သံဃာ့နာယကအဖွဲ့ဝင်၊ မြို့နယ်ပရိယတ္တိသဒ္ဓမ္မပါလ(ဥက္ကဋ္ဌ) ဇေယျမင်္ဂလာမိုင်းဟိုင်းကျောင်းဆရာတော်က ၂၀၂၂-၂၀၂၃ ခုနှစ် ရှမ်းပြည်နယ်လုံးဆိုင်ရာ (၂၃)ကြိမ်မြောက် ပရိယတ္တိသဒ္ဓမ္မပါလ (ရေးဖြေနှင့်အာဂုံပြန်) စာမေးပွဲတွင် ဖြေဆိုအောင်မြင်ခဲ့ကြသည့် သင်ရိုးညွှန်းစနစ်သစ် မူလတန်းဆင့်(ပထမနှစ်နှင့် ဒုတိယနှစ်)တို့မှ  စာဖြေသံဃာ ၁၁၄ ပါးတို့အား စာမေးပွဲအောင်လက်မှတ်များကို ပေးအပ်ခဲ့သည်။

ရှမ်းပြည်နယ်လုံးဆိုင်ရာ (၂၄)ကြိမ်မြောက် ပရိယတ္တိသဒ္ဓမ္မပါလစာမေးပွဲကို မိုင်းရယ်မြို့နယ် စာစစ်ဌာနအနေဖြင့် ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၈ ရက်နေ့အထိ ဖြေဆိုခဲ့ပြီး အဆိုပါစာမေးပွဲကာလအတွင်း လှူဒါန်းမှုအစုစုတို့အတွက် ဆရာတော်သံဃာတော်များနှင့် တက်ရောက်လာကြသည့် ဧည့်ပရိသတ်အပေါင်းတို့က ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်သံဃာတော်များ၊ အမှတ်(၂)လှုပ်ရှားစစ်ဗျူဟာမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဂေါပကအဖွဲ့ဝင်များ၊ မြို့မိ၊ မြို့ဖများနှင့် အလှူရှင်ဧည့်ပရိသတ်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

မြို့နယ်(ပြန်/ဆက်)