တောင်သာမြို့နယ်တွင် ကုန်ထုတ်လမ်းဖောက်ရန် RTK စနစ်ဖြင့် ကွင်းဆင်းတိုင်းတာခြင်း ဆောင်ရွက်

တောင်သာ ဖေဖော်ဝါရီ ၁၉

တောင်သာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေတောင်သူများ၏ ထုတ်ကုန်၊ ထွက်ကုန်များ စျေးကွက်သို့ လျှင်မြန်စွာ တင်ပို့နိုင်စေရန် ရည်ရွယ်၍ ကုန်ထုတ်လမ်းများ ဖောက်လုပ်ပေးလျက်ရှိရာ ၂၀၂၄ -၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် အောင်ဇေဖြိုးကျေးရွာ ကုန်ထုတ်လမ်းအား ယနေ့ နံနက်ပိုင်းက RTK စနစ် အသုံးပြုသည့် စက်ကြီးဖြင့် ကွင်းဆင်းတိုင်းတာခြင်းအား တာဝန်ရှိသူများ ကွင်းဆင်းတိုင်းတာ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းတိုင်းတာရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်း၊ ဦးစီးအရာရှိ (နည်းပညာ) ဒေါ်ခင်မာပိုတို့နှင့်အတူ ပုံထုတ်တိုင်းတာရေး အဖွဲ့တို့က ကျေးရွာလမ်းကော်မတီများ လိုက်ပါလျက် ကွင်းဆင်းတိုင်းတာခဲ့ရာ ဖောက်လုပ်ရမည့် လမ်းပုံစံ Geometric Design ပုံထုတ်လုပ်နိုင်ရေး GPS စနစ်ပါဝင်သော Real Time Kinamatic (KTK)စနစ်အသုံးပြုသော Geo Alpha စက်ဖြင့် တိုင်းတာခြင်း၊ လမ်းပေါ်ရှိ ရေကျော်အပါအဝင် Slab Culvert များ ဆောင်ရွက်ပေးနိုင်ရေး တိုင်းတာဆောင်ရွက်ခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ အောင်ဇေဖြိုးကျေးရွာ ကုန်ထုတ်လမ်းကို အရှည်ပေ ၁ မိုင် ၃ ဖာလုံ၊ အကျယ် ၁၂ ပေ၊ ထု ၂ပေ ၉ လက်မ ခင်းခြင်း၊ ယင်းလမ်းပေါ်ရှိ ရေကျော်တံတားအရှည် ၅၀ ပေ၊ အကျယ် ၁၅ပေ၊ ထု ၆လက်မ ၁ စင်းနှင့် Slab Culvert ၁၈ပေ၊ ၃ပေ အကျယ်၊ အမြင့် ၃ ပေ ၁ စင်းတို့ကိုလည်းကောင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရပြီး ဆောင်ရွက်ပြီးစီးပါက ယာမြေဧက ၁၅၀ ဧက၊ တိရစ္ဆာန်ကောင်ရေ ၄၅၀ ကောင်၊ အိမ်ခြေ ၁၇၄ အိမ်၊ လူဦးရေ ၁၂၄၆ ဦးအတွက် အကျိုးပြုနိုင်မည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းထံမှ သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)