မိတ္ထီလာ ဖေဖော်ဝါရီ ၁၉
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ ဘိုးဘွားရိပ်သာမှ အဘိုးအဘွားများနှင့် ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Pfizer ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီ အချိန်က မြို့နယ်ကုသရေးဦးစီးဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဘိုးဘွားရိပ်သာမှ အဘိုးအဘွားများနှင့် ဝန်ထမ်းများ စုစုပေါင်း ၇ဝ ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Pfizer များကို ထိုးနှံပေးခြင်းကို မြို့နယ်ကုသရေးဦးစီးဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ဆောင်ရွက်ပေးရာ မိတ္ထီလာမြို့ ဘိုးဘွားရိပ်သာကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးခင်ထွန်းနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့သည်။ မိတ္ထီလာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို အဆိုပါ ဦးစီးဌာနများက ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယနေ့တွင် မိတ္ထီလာမြို့ရှိ ဘိုးဘွားရိပ်သာမှ အဘိုးအဘွားများနှင့် ဝန်ထမ်းများ စုစုပေါင်း ၇ဝ ဦးကိုလည်းကောင်း၊ ရှေ့ဆောင်မျက်မမြင်ကျောင်းမှ ကျောင်းသူကျောင်းသားများနှင့် ဝန်ထမ်းများ စုစုပေါင်း ၇ဝ ဦး ကိုလည်းကောင်း၊ ဘဝသစ်မျက်မမြင်ကျောင်းမှ ကျောင်းသူကျောင်းသားများနှင့် ဝန်ထမ်းများ စုစုပေါင်း ၅၆ ဦးကိုလည်းကောင်း ကာကွယ်ဆေးထိုးနှံရေး အဖွဲ့များ ခွဲ၍ အဖွဲ့ခွဲများအလိုက် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ချမ်းသာ