မိတ္ထီလာမြို့နယ် သီတက္ကန်(မြောက်)ကျေးရွာတွင် တစ်ပိုင်တစ်နိုင် ဆောင်ရွက်လျက်ရှိသည့် ထန်းမြူအိုးများ ယခင်နှစ်ကထက် အရောင်းတွင်ကျယ်၍ ထန်းမြူအိုးလုပ်ကိုင်သူများ အဆင်ပြေလျက်ရှိ

မိတ္ထီလာ ဖေဖော်ဝါရီ ၁၉

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ သီတက္ကန်(မြောက်)ကျေးရွာတွင် တစ်ပိုင်တစ်နိုင် ဆောင်ရွက်လျက်ရှိသည့် ထန်းမြူအိုးများ အရောင်းတွင်ကျယ်၍ ထန်းမြူအိုးလုပ်ကိုင်သူများ အဆင်ပြေလျက်ရှိကြောင်း သီတက္ကန်(မြောက်)ကျေးရွာမှ အိုးလုပ်ငန်းလုပ်ကိုင်သူ တစ်ဦးထံမှ သိရသည်။

သီတက္ကန်(မြောက်)ကျေးရွာတွင်   အိမ်ခြေ ၈၅ အိမ် လူဦးရေ ၄၀၀ ကျော်ရှိပြီး ဒေသခံကျေးလက်နေ ပြည်သူအများစုက လယ်ယာလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး ကျေးရွာရှိ အိမ်ခြေ ၃၀ ကျော်က အိုးလုပ်ငန်းကို လုပ်ကိုင်လျက်ရှိသည်။ ၎င်းအိုးလုပ်ငန်းလုပ်ကိုင်ရာတွင် ရာသီအလိုက် သောက်ရေအိုး၊ ဘုရားပန်းအိုး၊ ဆွမ်းလောင်းအိုး၊ ပန်းစိုက်အိုး၊ စလောင်ဖုံး၊ ဆီမီးခွက်၊ သင်္ကြန်အိုးနှင့် ထန်းမြူအိုးများကို လုပ်ကိုင်လျက်ရှိရာမှ ထန်းတက်ရာသီ စတင်ချိန် နတ်တော်လမှ တပို့တွဲလအထိ ထန်းမြူအိုးများကို အဓိက လုပ်ကိုင်၍ ရောင်းချလျက်ရှိသည်။

ထိုသို့ ထန်းမြူအိုးများ လုပ်ကိုင်၍ ရောင်းချရာတွင် လိုအပ်သော မြေများကို  လှည်းတစ်စီးလျှင် ငွေကျပ် ၈၀၀၀ နှုန်းဖြင့် ဝယ်ယူပြီး  ရရှိလာသည့် မြေနီ၊ မြေဝါ၊ မြေစိမ်း (၃)မျိုး ရောစပ်ပြီး  အိုးပုံသွင်းခြင်း၊ နေလှန်းခြင်း၊ မီးဖုတ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်သည်။ ထိုသို့ အိုးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြေစိမ်း၊ မြေနီ မြေဝါတို့ကို ကျင်းအတွင်းထည့်၍ ရေလောင်းပြီး နူးနပ်အောင်ထားရပြီး ရွှံ့များ နူးနပ်ပါက အမွှေးပါသည့် နွားသားရေပေါ်ပုံပြီး ရွှံ့များ စီးသွားအောင် ခြေထောက်ဖြင့် နင်းရသည်။ ယင်းသို့ ခြေထောက်ဖြင့် နင်းပြီးပါက အရှည် ၁၂ လက်မ အချင်း ၅ လက်မရှိ ရွှံ့တုံးလေးများ လုံး၍ အိုးပြင်သည့်  လက်လှည့်ပေါ်တင်၍ ပုံကြမ်းဖော်ခြင်းလုပ်ငန်းကို ဆောင်ရွက်ရသည်။ ၎င်းနောက် အိုးကို လက်ခတ်ဖြင့် ရိုက်ပြီး ပုံဖော်ခြင်းလုပ်ငန်းကို ဆောင်ရွက်ပြီးနောက် ရရှိလာသည့် အိုးစိမ်းများကို နေလှန်း၍ အခြောက်ခံရခြင်း၊ အခြောက်ခံပြီး အိုးစိမ်းများကို မီးဖုတ်ခြင်းလုပ်ငန်းကို ဆက်လက်ဆောင်ရွက်ရသည်။ ယင်းသို့ နေလှန်းပြီး အိုများကို မီးဖုတ်ရာတွင် အောက်ခြေတွင် ထင်းများခင်းပြီး အိုးစီခြင်းလုပ်ငန်း ဆောင်ရွက်ရသည်။ ယင်းနောက် စီထားသည့် အိုးပုံဘေးပတ်လည်တွင် ထင်းများ ထောင်၍စီခြင်း၊ ကောက်ရိုးများ ဖုံးအုပ်ခြင်း ဆောင်ရွက်ပြီးပါက ရွှံ့များ လိမ်းကြံခြင်းနှင့် အိုးပုံပတ်လည် မီးရှို့ခြင်းလုပ်ငန်းကို ဆက်လက် ဆောင်ရွက်ရသည်။ ၎င်းမီးရှို့ရာတွင် အိုးစီတဲ့အပေါ် မူတည်၍ အချိန်ကြာလျက်ရှိသည်။

ယင်းသို့ မီးဖုတ်ပြီး ရရှိလာသည့် အိုးများကို မိတ္ထီလာ၊ မလှိုင်၊ မြင်းခြံ၊ တောင်သာမြို့နယ်များမှ အိုးကုန်သည်များက ကျေးရွာအရောက် ဝယ်ယူလျက်ရှိသည်။ ယခုနှစ် ထန်းတက်ရာသီတွင် အိုးကုန်သည်များက ကျေးရွာအရောက် ထန်းမြူအိုးတစ်လုံးကို ငွေကျပ် ၂၅၀ ဖြင့် ကျေးရွာမှ ထွက်ရှိသည့် ထန်းမြူအိုးများကို နေ့စဉ် လာရောက်ဝယ်လျက်ရှိရာ ထန်းမြူအိုးများ ပိုမိုရောင်းချရသည့်အပြင် စျေးနှုန်းမှာလည်း ယခင်နှစ်ကထက် ပိုရောင်းချရသည့်အတွက် ထန်းမြူအိုးလုပ်ကိုင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)