ဥတ္တရသီရိ ဖေဖော်ဝါရီ ၁၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တွင် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ဗလငါးတန်ပြည့်စုံ၍ ဘက်စုံထူးချွန်ထက်မြက်သော အနာဂတ်လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် ဇေယျာသီရိမြို့နယ်၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တို့ ပူးပေါင်းဆောင်ရွက်သည့် ရာပြည့်နှစ်အထိမ်းအမှတ် လူငယ်နှင့်စာပေစကားဝိုင်းကို ယမန်နေ့နံနက်ပိုင်းက အဆိုပါ တက္ကသိုလ် Auditoriumခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာ နန်းဆိုင်ဟွမ်က ဖွင့်အမှာစကားပြောကြားရာ ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဆိုသည့် ဗလငါးတန်ပြည့်စုံပြီး အသိပညာ ဗဟုသုတ တိုးပွားစေရန်၊ စကားပြောအတတ်ပညာများ ကျွမ်းကျင်တတ်မြောက်ပြီး လူအများရှေ့တွင် ရဲဝံ့စွာစကားပြောဆိုတတ်စေရန်၊ လူငယ်များ နားထောင်ပြီး အသိပညာဗဟုသုတများရရှိ၍ အပြန်အလှန် ဆွေးနွေးကြရာမှ အတွေ့အကြုံသစ်များရရှိစေရန်၊ လူငယ်များအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ရရှိစေရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်း ကျင်းပပေးရခြင်းဖြစ်ကြောင်းပြောကြားပြီး နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က လူငယ်နှင့် စာပေစကားဝိုင်းကျင်းပရခြင်း၏ရည်ရွယ်ချက်များကို ပြောကြားရာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၌ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေးနှင့် ဗလငါးတန်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် လူငယ်နှင့်စာပေစကားဝိုင်း ကျင်းပခဲ့ရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းနှင့်အတူ Semester-IVမှ မောင်ကျော်ဇင်ဝင်းက ခေတ်အလိုက်လူငယ်များ၏ စာပေလေ့လာအားထုတ်မှုများ၊ Semester-VIမှ မစုမွန်မွန်အောင်က မျက်မှောက်ခေါတ်အကျိုးပြုသော စာပေများကပေးသော လူငယ်များအတွက် အသိပညာ၊ အတတ်ပညာများ၊ Semester-IIIမှ မောင်ရှိုင်းမင်းထက်က စာပေဆိုသည်မှာနှင့်စာပေအမျိုးအစားများ၊ Semester-VIIIမှ မယုဝေဝေခိုင်က လူငယ်များ၏ကိုယ်ကျင့်တရားကောင်းမွန်ရေး၊ Semester-VIမှ မသိမ့်သိမ့်မိုး ကဘာသာရပ်နှင့်အထွေထွေစာပေရိပ်မြုံ၌ ကျောင်းသားလူငယ်များပါဝင်မှု အားကောင်းလာစေရေး၊ Semester-IVမှ မယွန်းဝတီမောင်မောင်က လူ့အသိုက်အဝန်းတည်ဆောက်ခြင်း၊ Semester-IIIမှ မောင်ကောင်းခန့်ဈန်က လူ့အသိုက်အဝန်းတစ်ခုလုံး၏ အကျိုးပြုလုပ်ငန်းများစသည့် ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးပြောကြားခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက ဆွေးနွေးမှုများနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ လူငယ်နှင့်စာပေစကားဝိုင်းတွင် ဆွေးနွေးပြောကြားပေးသော ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြားပေးခဲ့ကြသည်။
ယင်းနောက် ပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာနန်းဆိုင်ဟွမ်က ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များ ဘက်စုံထူးချွန်သော လူရည်ချွန်၊ လူရည်မွန်များ ဖြစ်လာစေရန်နှင့် နောင်တစ်ချိန်တွင် နိုင်ငံတော်ကအားထားရသည့် လူတော်၊ လူကောင်းများ ဖြစ်လာစေရေး ကြိုးစားဖို့လိုကြောင်း ပြောကြားကာ ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုလက်ဆောင်များ ချီးမြှင့်ပေးအပ်ခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ လူငယ်နှင့်စာပေစကားဝိုင်းသို့ ပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာနန်းဆိုင်ဟွမ်နှင့် တာဝန်ရှိသူများ၊ နေပြည်တော်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းနှင့်ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)