မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်

ညောင်ဦး ဖေဖော်ဝါရီ  ၁၉

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်အတွင်း မီးလောင်မှု/မီးလန့်မှုများ လျော့နည်းကျဆင်းရေးအတွက် မီးသတ်ဦးစီးဌာနအနေဖြင့် ယမန်နေ့ နံနက် ၉ နာရီအချိန်က ရွှေဂူပရဟိတဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ​သည်။

ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သည်နှင့်အညီ ညောင်ဦးမြို့နယ်အတွင်း မီးလောင်မှု/မီးလန့်မှုများ လျော့နည်းကျဆင်းရေးအတွက် ရပ်ကွက်/ကျေးရွာများအတွင်းရှိ စက်ရုံ/အလုပ်ရုံများ၊ ဟိုတယ်/မိုတယ်/တည်းခိုခန်းများ၊ စက်သုံးဆီ အရောင်းဆိုင်များ၊ စျေးများ၊ ဌာနဆိုင်ရာ ရုံးများနှင့် အခြားမီးဘေးစိုးရိမ်ရသော လုပ်ငန်းများ အပါအဝင် ဘုန်းတော်ကြီးကျောင်းများကိုလည်း မီးဘေးကြိုတင်ကာကွယ်ရေးအတွက် စစ်ဆေးအကြံပြုခြင်း၊ အသိပညာပေး ဟောပြောပို့ချခြင်း၊ လက်တွေ့ဇာတ်တိုက်လေ့ကျင့်ခြင်း လုပ်ငန်းရပ်များအား မန္တလေးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်း၏ လမ်းညွှန်ချက်နှင့်အညီ အရှိန်အဟုန် တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ရာ ညောင်ဦးမြို့ အမှတ် ၅ ရပ်ကွက်အတွင်းရှိ ရွှေဂူမိဘမဲ့ ပရဟိတ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းနှင့် ကြံခင်းဝန်ဘုန်းတော်ကြီးကျောင်းများ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးကျော်မင်းသူ ဦးဆောင်သော စစ်ဆေးရေးအဖွဲ့မှ ဘုန်းတော်ကြီးကျောင်းများ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် သွားရောက်စစ်ဆေး အကြံပြုခြင်း၊ မီးသတ်ဆေးဘူး အသုံးပြုနည်းနှင့် မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်း၊ 3 Kg မီးသတ်ဆေးဘူးများ လှူဒါန်းခြင်း၊ ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခြင်းတို့အား လှည့်လည်ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြပြီး အရေးပေါ် မီးငြှိမ်းသတ်ရေးလုပ်ငန်းအတွက် ရေသိုလှောင်ထားရှိမှု အခြေအနေများ၊ မီးသတ်ယာဥ် ဝင်/ထွက်လမ်းများ စစ်ဆေးအကြံပြုခြင်းနှင့် မီးသတိမူရေးအတွက် အရေးပေါ် တယ်လီဖုန်း နံပါတ်ပါ ဗီနိုင်းစာဆောင်များ ချိတ်ဆွဲပေးခြင်းတို့ကိုလည်း ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။

ဒီပါလင်း