မက်မန်းမြို့တွင် မီးဘေးအသိနှိုးဆော်ခြင်းများ လိုက်လံဆောင်ရွက်

မက်မန်း ဖေဖော်ဝါရီ ၁၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းမြို့နယ်တွင် မီးဘေးအန္တရာယ်စိုးရိမ်ရသော ပွင့်လင်းခြောက်သွေ့သည့် အချိန်ကာလသို့ရောက်ရှိလာပြီဖြစ်သည့်အတွက် မီးဘေးအသိနှိုးဆော်ခြင်းများကို ယမန်နေ့ ညနေ (၅) အချိန်မှ (၈) နာရီခွဲအချိန်ထိ လိုက်လံဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မက်မန်းမြို့၊ မီးသတ်ဦးစီးဌာနမှတာဝန်ရှိသူများနှင့် တပ်ဖွဲ့ဝင်များသည် မက်မန်းမြို့ပေါ်ရှိ အမှတ် (၁) ရပ်ကွက်နှင့် အမှက် (၂) ရပ်ကွက်တို့တွင် နေထိုင်ကြသော ပြည်သူများအား မီးဘေးအသိလိုက်နာစေရေးအတွက် လိုက်လံဆော်ဩခြင်း၊ မီးကြွင်းမီးကျန်များ မရှိစေရေးအတွက် နှိုးဆော်ခြင်း၊  မီးသုံးစွဲရာတွင် သတိပြုရမည့်အချက်များအား နှိုးဆော်ခြင်း၊ သင့်ကြောင့် မီးမလောင်စေနှင့် မီးသတိပြုသီချင်းများအား ဖွင့်လှစ်၍ နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ထို့ပြင် မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့်  ဌာနဆိုင်ရာရုံးများနှင့် ရပ်ကွက်နှင့်မြို့နယ်အတွင်းရှိ ကျေးရွာများတွင်လည်း မီးဘေးလုံခြုံရေးအတွက် ရှောင်တခင်စစ်ဆေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

စောဥမ္မာ (ခရိုင်၊ပြန်/ဆက်)