မိတ္ထီလာခရိုင်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ ဆွေးနွေးပွဲ ကျင်းပ

မိတ္ထီလာ ဖေဖော်ဝါရီ ၁၉

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က မိတ္ထီလာမြို့ စျေးအရှေ့ပြင်ရပ်ကွက်ရှိ ကန်တော်မင်္ဂလာခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် မိတ္ထီလာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးက ပြည်သူ့စစ်မှုထမ်းဥပေဒေဆိုင်ရာ သိကောင်းစရာနှင့် ပတ်သက်၍ ၁၉၄၇ ခုနှစ် ဇူလိုင် ၁၃ ရက်နေ့ မြို့တော်ခန်းမကြီးတွင် ကျင်းပသည့် ပြည်သူ့အစည်းအဝေးကြီ၌ ဗိုလ်ချုပ်အောင်ဆန်း ပြောကြားသော မိန့်ခွန်းမှ ကောက်နုတ်ချက်ဖြစ်သည့် ဖြစ်ရမယ့်တာဝန်၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်၊ ၂၀၁၀ ခုနှစ် ပြည်သူ့စစ်မှုထမ်းဥပဒေ၊ ဥပဒေပြဋ္ဌာန်းခြင်းနှင့် အာဏာတည်ခြင်း၊ ဥပဒေအာဏာတည်ပြီး လက်ရှိဆောင်ရွက်နေမှု၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ ဖွဲ့စည်းခြင်း၊ စစ်မှုထမ်းရမည့် အသက်အရွယ်၊ ပြည်သူ့စစ်မှုထမ်းရန် ကာလ၊ ပြည်သူ့စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ရသူများ၊ ယာယီရွှေ့ဆိုင်းခွင့်ရသူများ၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ၊ ၂၀၁၆ ခုနှစ် အခကြေးငွေပေးချေးရေး ဥပဒေ၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ခြင်း၊ ပြစ်မှုပြစ်ဒဏ်များနှင့် နိုင်ငံတကာတွင် စစ်မှုမထမ်းမနေရစနစ် ကျင့်သုံးသည့် နိုင်ငံများအကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ၎င်းဆွေးနွေးမှုကို တက်ရောက်လာသောသူများက သိလိုသည်များကို မေးမြန်းရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးနှင့် တာဝန်ရှိသူများက  ပြန်လည်ဖြေကြားခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်း မြို့နယ်များမှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ မိတ္ထီလာမြို့နယ်မှ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)