မိုင်းဖြတ် ဖေဖော်ဝါရီ ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက နမ့်ယွန်းကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းထွဋ်လွင်က တောင်သူများ သီးနှံများစိုက်ပျိုးရာတွင် မျိုးကောင်းမျိုးသန့်ရရှိရန် နည်းပညာများရယူ စိုက်ပျိုးရေး၊ သီးထပ်စိုက်ပျိုးရန်နှင့် ကျွဲ၊ နွားများကို ထိန်းကျောင်းစနစ်ဖြင့် မွေးမြူနိုင်ရေး ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာထွန်းဝင်းက မွေးမြူရေးလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုရာတွင် တိရစ္ဆာန်များကို စနစ်တကျမွေးမြူနိုင်ရေး၊ တိရစ္ဆာန်များကို ကူးစက်ရောဂါများ မဖြစ်ပွားအောင် ပုံမှန်ကာကွယ်ဆေးထိုးနှံရေး ကြက်၊ ဝက်၊ နွားများကို စနစ်တကျမွေးမြူခြင်းဖြင့် ရရှိလာမည့် မိသားစုဝင်ငွေ အကျိုး ရလဒ်များကို ပညာပေးပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းထွန်းအောင်က တောမီးရှို့မှုများ လျှော့ချရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် လိုက်နာရမည့် အချက်များကိုလည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးပြည့်ဖြိုးဇော်က ကျောင်းနေအရွယ် ကလေးများ ကျောင်းထားပေးနိုင်ရေး၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကိုလည်းကောင်း အသီးသီးပညာပေးပြောကြားခဲ့သည်။ ထို့နောက် တာဝန်ရှိသူများက တိရစ္ဆာန်ရောဂါ ကာကွယ်ဆေးများနှင့် အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)