မိုင်းဖြတ် ဖေဖော်ဝါရီ ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် နိုင်ငံတော်မတည်ငွေဖြင့် မြစိမ်းရောင်(အသားကဏ္ဍ) မွေးမြူရေးကျေးရွာထူထောင်ရန်အတွက် ရန်ပုံငွေများပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ဟိုနားကျေးရွာရှိ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်က နိုင်ငံတော်အစိုးရမှ ကျေးရွာနေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရေးအတွက် ထောင့်ပေါင်းစုံမှ အကောင်အထည်ဖော် ဆောင်ရွက်ပေးနေမှုနှင့် ရန်ပုံငွေများဖြင့် (အသားကဏ္ဍ)ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြေပြင်တွင် အမှန်တကယ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးနှင့်စပ်လျဉ်း၍ အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် တာချီလိတ်ခရိုင်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာ တင်ကိုကိုက ရန်ပုံငွေများ ထောက်ပံ့ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် မွေးမြူရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အကျိုးပြုစေမည့် မျိုးကောင်းမျိုးသန့်များကို စိစစ်ရွေးချယ်မွေးမြူနိုင်ရေးအတွက် ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးထွန်းရွှေက မွေးမြူရေးလုပ်ငန်းဖြင့် မိသားစုဝင်ငွေရရှိစေရေး စနစ်တကျ မွေးမြူနိုင်ရေးအတွက် အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဒေါက်တာတင်ကိုကိုနှင့် တာဝန်ရှိသူများက ကျေးရွာရန်ပုံငွေကြီးကြပ်မှုကော်မတီဝင်များထံ ရန်ပုံငွေကျပ်သိန်း(၃၀၀)ကို လွှဲပြောင်းပေးအပ်ခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့သည်။ အဆိုပါ မြစိမ်းရောင်(အသားကဏ္ဍ)ရန်ပုံငွေသည် မိုင်းဖြတ်အုပ်စု၊ ဟိုနားကျေးရွာတွင် စတုတ္ထအကြိမ်ပေးအပ်ခြင်းဖြစ်ပြီး နွားတစ်ကောင်လျှင် ကျပ်(၁၀)သိန်းနှုန်းဖြင့် နွား(၃၀)ကောင်အတွက် ကျပ်သိန်း(၃၀၀) ပေးအပ်ခြင်းဖြစ်ကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာထွန်းဇော်ဝင်းထံက သိရသည်။
မြို့နယ်(ပြန်/ဆက်)