ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးအား ယခုနှစ်ဘုရားပွဲတော်ကာလအတွင်း ပြည်တွင်းပြည်ပ ဘုရားဖူးပြည်သူ ငါးသိန်းဝန်းကျင်ခန့် လာရောက်ဖူးမြော်

ကျိုက်ထို ဖေဖော်ဝါရီ ၁၈

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို သီတင်းကျွတ်လပြည့်နေ့မှ ကဆုန်လပြည့်နေ့အထိ ကျင်းပလျက်ရှိရာ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများ စဉ်ဆက်မပြတ်လာရောက်ဖူးမြော်နေကြပြီး ပွဲတော်စတင်သည့်ရက်မှ ယနေ့အချိန်ထိ ပြည်တွင်းပြည်ပ ဘုရားဖူးပြည်သူပေါင်း ငါးသိန်းဝန်းကျင်ခန့် လာရောက်ဖူးမြော်ခဲ့ကြကြောင်း စေတီတော်ဂေါပကအဖွဲ့ထံမှ သိရသည်။

ကျိုက်ထီးရိုးစေတီတော်ဂေါပကအဖွဲ့၏ အဖွဲ့ခေါင်းဆောင်ဖြစ်သူ ဦးစိုးလှက စေတီတော်မြတ်ကြီးသို့ ဘုရားဖူးလာရောက်ကြသူများစိတ်ချမ်းမြေ့စွာဘုရားဖူး‌မြော်နိုင်ရန်အတွက် စေတီတော်ဂေါပကအဖွဲ့အ‌နေဖြင့် ရင်ပြင်တော်နှင့် ဝန်းကျင်သန့်ရှင်းရေးကို အထူးအလေးထားဆောင်ရွက်နေကြောင်း ၎င်းအပြင် လုံခြုံရေး၊ တည်းခိုနေထိုင်ရေး၊ စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောသည်။

ဘုရားဖူးပြည်သူများ လွယ်ကူအဆင်‌ပြေစွာ တက်ရောက်ဖူးမြော်နိုင်ရန် တောင်တက်ကား ၁၅၀ စီစဉ်ထားပြီး လူဦးရေနှင့် ယာဉ်စီးခနှုန်းထားများကို သတ်မှတ်ပေးထားကြောင်း၊ ဘုရားပွဲတော်ကာလတွင်းအပြင် တစ်နှစ်ပတ်လုံးတောင်တက်ကားများဖြင့် စေတီတော်မြတ်ကြီးအား တက်ရောက်ဖူးမြော်နိုင်ကြောင်း ကျိုက်ထီးရိုးတောင်တက်မော်တော်ယာဉ်အသင်းအတွင်းရေးမှူး ဦးရဲမြင့်က ပြောသည်။

ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်ရာ ကျိုက်ထီးရိုးတောင်တော်တစ်‌လျှောက် မီးဘေးအန္တရာယ်ကင်း‌ဝေးစေရေးအတွက် အထူးအလေးထားဆောင်ရွက်နေကြောင်း၊ အသိပညာပေးခြင်း၊ တစ်အိမ်တက်ဆင်းစစ်ဆေးခြင်း၊ ညစဉ် မီးသတိပြုရေးဆော်ဩခြင်းတို့ကိုဆောင်ရွက်နေပြီး အရေးပေါ်အခြေအနေ ဖြစ်ပေါ်လာပါက သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းကာ အသင့်ငြိမ်းသတ်နိုင်ရေးစီစဉ်ထားကြောင်း ရင်ပြင်တော် မီးသတ်စခန်းတာဝန်ခံ ဦးအောင်ငြိမ်းကပြောသည်။

ဘုရားဖူးပြည်သူများ စည်ကားများပြားသည့်အတွက် ကျိုက်ထီးရိုး‌တောင်တော်တစ်လျှောက် အထင်ကရနေရာများဖြစ်သည့် မုဆိုးတောင်တော်၊ ကျီးကန်းပါးစပ်လိုဏ်ဂူတော်၊ ကျောက်ထပ်ကြီးစေတီတော်၊ ရေတံခွန်စသည့်နေရာများ၊ ရင်ပြင်တော် ဈေးဆိုင်တန်းတစ်လျှောက်ရှိ ထမင်းဆိုင်များ၊ အမှတ်တရ အရောင်းဆိုင်များ၌ ဘုရားဖူးများဖြင့်စည်ကားနေသည့်အပြင် အခမဲ့နှင့် အခပေးတည်းခိုဆောင်များ၊ ရင်ပြင်တော်၌လည်း တည်းခိုနေထိုင်သူ များပြားလျက်ရှိကြောင်း တွေ့ရသည်။

ကျိုက်ထီးရိုးဆံတော်ရှင် စေတီတော်မြတ်ကြီးတွင် ယခုနှစ်ဘုရားပွဲတော်ကာလ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့အထိ ပြည်တွင်းဘုရားဖူး ၄၅၄၃၈၁ ဦး၊ ပြည်ပဘုရားဖူး ၄၉၁၅ ဦး စုစု‌ပေါင်း ပြည်တွင်းပြည်ပ ၄၅၉၂၉၆ ဦး လာရောက်ဖူးမြော်ခဲ့ကြကြောင်း‌ ဂေါပကအဖွဲ့၏ မှတ်တမ်းအရ သိရသည်။

ကျိုက်ထို(ပြန်/ဆက်)