ညောင်ဦး ဖေဖော်ဝါရီ ၁၈
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းပ၌ ယနေ့နံနက် ၉ နာရီက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ သိကောင်းစရာများ ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းက ပြည်သူ့စစ်မှုထမ်းအက်ဥပဒေစတင်ပြဋ္ဌာန်းခြင်း၊ ပြည်သူ့စစ်မှုထမ်းအက်ဥပဒေ စတင်အာဏာတည်ခြင်း၊ ပြည်သူ့စစ်မှုထမ်းအက်ဥပဒေကို ရုပ်သိမ်းပြီး ပြည်သူ့စစ်မှုထမ်းဥပဒေအသစ်ကို ထပ်မံပြဋ္ဌာန်းခြင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို အာဏာတည်သည်နေ့သတ်မှတ်ခြင်း၊ စစ်မှုထမ်းရမည့် အသက်အရွယ်နှင့် သတ်မှတ်ချက်အဆင့်ဆင့်၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ အဆင့်ဆင့်ဖွဲ့စည်းခြင်း၊ လုပ်ငန်းတာဝန်များ၊ ပြည်သူ့စစ်မှုထမ်းဗဟိုအဖွဲ့မှ ပြည်သူ့စစ်မှုထမ်းဆောင်ရွက်ရမည့်သူများအား ယာယီရွှေ့ဆိုင်းနိုင်သည့်အချက်များ၊ ခံစားခွင့်များ၊ ပြစ်မှုနှင့်ပြစ်ဒဏ်ဥပဒေပုဒ်မများ စသည့်အကြောင်းအရာများကို အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန် အသိပညာပေးဆွေးနွေးခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသူများ၏ သိရှိလိုသည့် မေးမြန်းချက်များကို ပြန်လည်ရှင်းလင်း ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းနှင့်ခရိုင်စီမံအဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့်မြို့နယ်စီမံအဖွဲ့ဝင်များ၊ ကျောက်ပန်းတောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းလွင်နှင့်မြို့နယ်စီမံအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ (၂၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ဒီပါလင်း