ချမ်းအေးသာစံ ဖေဖော်ဝါရီ ၁၈
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းအေးသာစံမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာဆွေးနွေးပွဲကို အ.ထ.က(၁၄) ပန်းမျိုးတစ်ရာခန်းမတွင် ယနေ့ နေ့လယ် (၁၂)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာဆွေးနွေးပွဲတွင် မဟာအောင်မြေခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဝင်းမော်က အဖွင့်အမှာစကားပြောကြားပြီး မဟာအောင်မြေခရိုင် ဥပဒေအရာရှိ ဒေါ်သန္တာအောင်က ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သတ်၍ ဥပဒေဆိုင်ရာအဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ အခန်းအလိုက် ဥပဒေပြဌာန်းချက်များ၊ ပြစ်မှုပြစ်ဒဏ်နှင့် အခြားပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာများကို ရှင်းလင်းဆွေးနွေးပြောကြားပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ ခရိုင်ဥပဒေအရာရှိက ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မဟာအောင်မြေခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်အတွင်းရှိ ချမ်းအေးသာစံမြို့နယ်၊ မဟာအောင်မြေမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ်များမှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူးများ တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား ပြည်သူ့စစ်မှုထမ်းဆိုင်ရာသိကောင်းစရာ အသိပညာပေးလက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
ထွန်းထွန်းနိုင်