ဆေးတက္ကသိုလ်(မန္တလေး) မောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနား ကျင်းပ

ချမ်းအေးသာစံ ဖေဖော်ဝါရီ ၁၈

ချမ်းအေးသာစံမြို့နယ်၊ မောရဂီဝါရပ်ကွက်၊ ၃×၃၁ လမ်းကြား၊ ၇၃ လမ်းရှိ ဆေးတက္ကသိုလ် (မန္တလေး)၊ ဇီဝကခန်းမ (မန်းရတနာပုံ)တွင်  အခြေခံဆေးပညာနှစ် ၁၁/၂၀၂၃ ၏ မောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနားကို ယနေ့ နံနက်(၈)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 ဆေးတက္ကသိုလ် (မန္တလေး) မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ သယံဇာတရေးရာဝန်ကြီး  ဦးရွှေဇင်၊ ဥပဒေချုပ် ဦးမြင့်အောင်၊ ဆေးတက္ကသိုလ်(မန္တလေး) ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာမျိုးသက်တင်နှင့် ပါမောက္ခ/ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ စုစုပေါင်း ၃၀၀ ဦးခန့် တက်ရောက်ခဲ့ကြသည်။

 အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးမှ အဖွင့်အမှာစကား ပြောကြားပြီး စီနီယာကျောင်းသား မောင်သုခကျော်သူမှ ကြိုဆိုနှုတ်ခွန်းဆက် စကား ပြောကြားရာ အခြေခံဆေးပညာနှစ် ၁၁/၂၀၂၃ မှ ကျောင်းသား မောင်ကောင်းသန့်ဇော်မှ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

 ထို့နောက် ကျောင်းသား၊ ကျောင်းသူများ၏ ဖျော်ဖြေရေး အစီအစဉ်များ ​ဖျော်ဖြေတင်ဆက်ခဲ့ပြီး ဦးသိန်းဌေးနှင့် ဦးရွှေဇင်တို့မှ ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုငွေ (၁၀) သိန်းကျပ် ပေးအပ်ခဲ့ရာ ပါမောက္ခချုပ်နှင့် ကျောင်းသား၊ ကျောင်းသူများမှ လက်ခံရယူခဲ့ကြသည်။

 အဆိုပါ အခြေခံဆေးပညာနှစ် ၁၁/၂၀၂၃ တွင် ကျောင်းသား၊ ကျောင်းသူ ၁၄၀ ဦး တက်ရောက် သင်ကြားလျက်ရှိကြောင်း သိရသည်။

ထွန်းထွန်းနိုင်(ပြန်/ဆက်)