၂၀၂၃ခုနှစ်၊ အစိုးရဓမ္မာစရိယစာမေးပွဲအောင်မြင်တော်မူတော်သော သံဃာတော်အား ကြိုဆိုဂုဏ်ပြု

မိုင်းကိုင် ဖေဖော်ဝါရီ ၁၈

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပပြီးစီးခဲ့သော ၁၃၈၄ခုနှစ် (၂၀၂၃ ခုနှစ်) အစိုးရဓမ္မာစရိယစာမေးပွဲတွင် ဖြေဆိုအောင်မြင်တော်မူခဲ့သော မိုင်းကိုင်မြို့နယ်မှ သာသနာဓဇဓမ္မာစရိယဘွဲ့ ဆက်ကပ်ခြင်းခံရသော စာအောင်သံဃာတော်ဘဒ္ဒန္တသုန္ဒရအား ဂုဏ်ပြုကြိုဆိုပွဲကို  ဖေဖော်ဝါရီလ ၁၇ ရက်နေ့  ညနေ ၅ နာရီအချိန်က ရွှေမြင်ထင်မွေတော်စေတီတော်၌ ကျင်းပပြုလုပ်ခဲ့သည်။

စာအောင်သံဃာတော် ဘဒ္ဒန္တသုန္ဒရသည် မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ၊ ရွှေမြင်ထင်မွေတော်မြောက်ကျောင်း၏ ဦးစီးပဓာန နာယကဆရာတော်ဘဒ္ဒန္တရေဝတ၏ သားတပည့်အဖြစ် ကောဇာသက္ကရာဇ် ၁၃၆၃ ခုနှစ်မှစ၍ သာသနာ့ဘောင်သို့ စတင်ဝင်ရောက်ခဲ့ကာ စာသင်သံဃာတော် ဘဝဖြင့် နှစ် ၂၀ ကျော် လေ့လာသင်ယူခဲ့ပြီး  ယခု ၁၃၈၄ ခုနှစ်(၂၀၂၃ ခုနှစ်)တွင်  သာသနာဓဇ ဓမ္မာစရိယဘွဲ့ ကို ဆက်ကပ်ခြင်းခံရပြီးဖြစ်၍  ဥပဇ္ဇေဆရာတော်ထံ  ပြန်လည်ကြွရောက်ဖူးမျှော်ကြည်ညိုခြင်းခဲ့သဖြင့်  မြို့နယ်ရှိ မိဘပြည်သူများက ဂုဏ်ပြုကြိုဆိုကာ  စာအောင်သံဃာတော်ထံ ပညာသင်ခရီး အတွေ့အကြုံနှင့် ဩဝါဒစကားများကို ခံယူခဲ့ကြခြင်းဖြစ်သည်။

မိုင်းကိုင်မြို့နယ်တွင် ဗုဒ္ဓသာသနာတော်တည်တံ့ပြန့်ပွားစေရန်အတွက် ပရိယတ္တိစာပေကျမ်းဂန်များကို လေ့လာသင်ယူနေကြသည့် ရဟန်းသံဃာတော်မြောက်များစွာရှိသည့်အနက် ဘဒ္ဒန္တသုန္ဒရသည် အစိုးရဓမ္မာစရိယစာမေးပွဲတွင် သာသနာဓဇဓမ္မာစရိယဘွဲ့ဆက်ကပ်ခြင်းခံရသော သတ္တမမြှောက်သံဃာတော်တစ်ပါးဖြစ်ကြောင်း မြို့နယ်သံဃာ့နာယကအဖွဲ့ထံမှ သိရှိရသည်။

ချော(မိုင်းကိုင်)