ကျောက်ဆည်မြို့နယ်တွင် ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး မြို့မအခြေခံပညာအထက်တန်းကျောင်းတွင် RCC (၂) ထပ် စာသင်ကျောင်းဆောင် အသစ်(၁)ဆောင် ဆောက်လုပ်ပေး

ကျောက်ဆည် ဖေဖော်ဝါရီ ၁၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်၌ မြို့မအခြေခံပညာအထက်တန်းကျောင်းတွင် (၂)ထပ်ကျောင်းဆောင် အသစ်(၁) ဆောင် ဆောက်လုပ်ပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အဆိုပါ ကျောင်းဆောင်သစ်အား အောင်ကျော်မျိုးစံ ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူ၍ နိုင်ငံတော် ခွင့်ပြုရန်ပုံငွေ (၂၉၂.၉၇၁) ကျပ်သန်းဖြင့် အလျား(၁၀၀)ပေ၊ အနံ(၃၀)ပေ၊ RCC(၂)ထပ် ကျောင်းဆောင် အသစ်တစ်ဆောင် ဆောက်လုပ်ပေးခြင်းဖြစ်ကြောင်းနှင့်  မြို့မအခြေခံပညာအထက်တန်းကျောင်းသည် ၁၉၃၆ ခုနှစ်တွင် မူလတန်းကျောင်းအဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး၊ ၁၉၅၈ ခုနှစ်တွင် အလယ်တန်း ကျောင်းအဖြစ်သို့လည်းကောင်း၊ ၂၀၁၈ ခုနှစ်တွင် အထက်တန်းကျောင်းအဖြစ်သို့လည်းကောင်း အဆင့်ဆင့် တိုးမြှင့်၍ ကျောင်းသား/ကျောင်းသူများအား အခြေခံပညာများကို သင်ကြားနေသည့် အထက်တန်းကျောင်း တစ်ကျောင်းဖြစ်ကြောင်း သိရသည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့မအခြေခံပညာအထက်တန်းကျောင်း၌ KG တန်းတွင် ကျောင်းသား/ ကျောင်းသူ(၉၁)ဦး၊ Grade-1 (၁၀၆)ဦး၊ Grade-2 (၁၃၀)ဦး၊ Grade-3 (၁၁၂)ဦး၊ Grade-4 (၈၀)ဦး၊ Grade-5 (၉၈)ဦး၊ Grade-6 (၁၄၅)ဦး၊ Grade-7 (၆၂)ဦး၊ Grade-8 (၁၄၁)ဦး၊ Grade-9 (၁၄၇)ဦး Grde-10 (၉၉)ဦး၊ Grade-11 (၆၆) ဦး၊ Grade-12 (၅၂) ဦး စုစုပေါင်း ကျောင်းသား/ကျောင်းသူ (၁၃၂၉) ဦး ရှိပြီး၊ ပညာ သင်ကြားလျက်ရှိကြောင်း မြို့မအခြေခံပညာအထက်တန်းကျောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။ 

သက်မောင်(ပြန်/ဆက်)