ကျောက်ဆည် ဖေဖော်ဝါရီ ၁၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ပြည်သူများ လူနေမှုဘဝဖွံ့ဖြိုး တိုးတက်မြင့်မားစေရေး၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာလိုအပ်ချက် များအား ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ကျောက်မဆစ်ကျေးရွာ၌ (VDP)စီမံကိန်းဖြင့် ကျေးရွာတွင်းလမ်းများအား ကွန်ကရစ်ခင်းပေးခဲ့ကြောင်း သိရှိရသည်။
ကျေးရွာတွင်းလမ်းများ ကွန်ကရစ်ခင်းရာတွင် ကျေးရွာလမ်းဖြစ်မြောက်ရေးကော်မတီမှဦးဆောင်၍ ပြည်သူထည့်ဝင်ငွေ၊လုပ်အား(၅၃)သိန်းကျပ်၊ (VDP)စီမံကိန်းခွင့်ပြုရန်ပုံငွေကျပ်သိန်း(၁၀၀) ပေါင်းစပ်ပြီး အရှည် (၆၆၅)ပေ၊ အကျယ်(၁၂)ပေ၊ ထု(၆)လက်မရှိ ကွန်ကရစ်လမ်းခင်းခြင်းများ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် လမ်းအရည်အသွေးကောင်းမွန်ပြီး ရေရှည်ခိုင်ခန့်စေရန်အတွက် မြို့နယ်ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ နည်းပညာများအခမဲ့ကူညီပံ့ပိုးခဲ့ကြောင်း သိရှိရသည်။
ကျေးရွာတွင်းလမ်းများကွန်ကရစ်ခင်းခြင်းများနှင့် ပတ်သတ်၍ “အခုလိုကျေးရွာတွင်းလမ်းတွေကို ကျေးရွာသူ/ကျေးရွာသားများအနေဖြင့် ကွန်ကရစ်ခင်းချင်သည်မှာ ကြာပြီးဖြစ်ကြောင်း၊ ငွေအင်အားနှင့်လမ်းရေရှည်တည့်တံ့ခိုင်မြဲရေး နည်းပညာအခက်အခဲများ ရှိသောကြောင့် လမ်းမခင်းနိုင်ခြင်းဖြစ်ကြောင်း ယခုဘဏ္ဍာနှစ်တွင် နိုင်ငံတော်မှကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအဖြစ် ငွေကျပ်သိန်း(၁၀၀) ခွင့်ပြုပြီး ပြည်သူများထည့်ဝင်ငွေများဖြင့် ကျေးရွာတွင်းလမ်းများအား ကွန်ကရစ်များ ခင်းနိုင်ခဲ့သဖြင့် များစွာအဆင်ပြေ ခဲ့ပြီးဖြစ်ကြောင်း” ရပ်မိ၊ ရပ်ဖတစ်ဦးမှ ပြောပြ၍ သိရသည်။
သက်မောင်၊ ကျောက်ဆည်