ဥတ္တရသီရိ ဖေဖော်ဝါရီ ၁၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး ထုတ်ကုန်တိုးမြှင့် ထုတ်လုပ်နိုင်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီခွဲအချိန်က ဥတ္တရခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း၊ ဥတ္တရခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက အဖွင့်အမှာစကားပြောကြားရာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း စားရေရိက္ခာဖူလုံရေး၊ သီးနှံများ ပန်းတိုင် အထွက်နှုန်း ထွက်ရှိရေးနှင့် ကုန်ထုတ်ကဏ္ဍတိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်နေလျက်ရှိကြောင်း၊ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ပြီး တစ်ဧက ပန်းတိုင် အထွက်နှုန်း တိုးတက်ထွက်ရှိရေး ကြိုးပမ်းဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ပန်းတိုင် အထွက်နှုန်း တိုးတက်ရရှိရေးအတွက် သိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ်များကို လိုက်နာကျင့်သုံး စေရေးအတွက် သက်ဆိုင်ရာဌာနများက ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ထို့အပြင် စိုက်ပျိုးရေရရှိရေး၊ အထွက်နှုန်းကောင်း မျိုးသန့်များ စိုက်ပျိုးရေး၊ အဆင့်မြင့်လယ်ယာမြေများ ဖော်ဆောင်နိုင်ရေး၊ တောင်သူများအား အသိပညာပေးရေးလုပ်ငန်းများကို ဆောင်ရွက်ကြရမှာ ဖြစ်ကြောင်း၊ နေပြည်တော်အတွင်း ပြည်တွင်းစားသုံးဆီ ဖူလုံရေးနှင့် ပြည်ပစားသုံးဆီ တင်သွင်းမှု လျော့ချနိုင်ရေးအတွက် ဆီထွက်သီးနှံများ စိုက်ပျိုးရာတွင် မြေပဲ၊ နှမ်း၊ နေကြာ တို့ကို ဖြစ်ထွန်းနိုင်သည့်အနေအထားပေါ်မူတည်၍ စိုက်ပျိုးပြီး ပန်းတိုင်အထွက်နှုန်းရရှိရေး အားလုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ တစ်နှစ်လျှင် သုံးသီးစိုက်ပျိုးနည်းများ၊ သီးနှံများတွင် ကျရောက်သည့် ရောဂါများ ကာကွယ်ရေးနည်းစနစ်များကို တောင်သူများ စနစ်တကျသုံးစွဲနိုင်ရန်အတွက် သင်တန်းများပေးခြင်း၊ အသိပညာများပေးခြင်း၊ ဆွေးနွေးပွဲများ ပြုလုပ်ပေးခြင်းတို့ကို ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ သီးထပ်စွမ်းအားများ တိုးတက်လာမည် ဆိုပါက ထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်ပြီး ဝင်ငွေများ ပိုမိုတိုးတက်လာမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာထွန်းက ဥတ္တရခရိုင်၏ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ထုတ်ကုန်တိုးမြှင့်ထုတ်လုပ်နိုင်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း အကောင်အထည် ဖော်ဆောင်ရွက်မှုအခြေအနေများအား Power Point ဖြင့်ရှင်းလင်း တင်ပြခဲ့ပြီး တိုင်းအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက တင်ပြချက်များအပေါ် ထပ်ဆင့်အကြံပြုတင်ပြခဲ့ရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်းသိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)