မြင်းခြံမြို့၌ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာ ဆွေးနွေးပွဲ ကျင်းပ

မြင်းခြံ ဖေဖော်ဝါရီ ၁၈

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းပ၌ ယနေ့နံနက် ၉ နာရီက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ သိကောင်းစရာများ ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်က ပြည်သူ့စစ်မှုထမ်းအက်ဥပဒေ စတင်ပြဋ္ဌာန်းခြင်း၊ ပြည်သူ့စစ်မှုထမ်းအက်ဥပဒေ စတင်အာဏာတည်ခြင်း၊ ပြည်သူ့စစ်မှုထမ်းအက်ဥပဒေကို ရုပ်သိမ်းပြီး ပြည်သူ့စစ်မှုထမ်း ဥပဒေအသစ်ကို ထပ်မံပြဋ္ဌာန်းခြင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို အာဏာတည်သည်နေ့ သတ်မှတ်ခြင်း၊ စစ်မှုထမ်းရမည့် အသက်အရွယ်နှင့် သတ်မှတ်ချက်အဆင့်ဆင့်၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ အဆင့်ဆင့်ဖွဲ့စည်းခြင်း၊ လုပ်ငန်းတာဝန်များ၊ ပြည်သူ့စစ်မှုထမ်းဗဟိုအဖွဲ့မှ ပြည်သူ့စစ်မှုထမ်း ဆောင်ရွက်ရမည့်သူများအား ယာယီရွှေ့ဆိုင်းနိုင်သည့်အချက်များ၊ ခံစားခွင့်များ၊ ပြစ်မှုနှင့်ပြစ်ဒဏ်ဥပဒေပုဒ်မများ စသည့် အကြောင်းအရာများကို အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသူများ၏ သိရှိလိုသည့် မေးမြန်းချက်များကို ပြန်လည်ရှင်းလင်း ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ (၂၂၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။                               

ခရိုင်(ပြန်/ဆက်)