ငါန်းဇွန် ဖေဖော်ဝါရီ ၁၈
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်၌ သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားလာစေရန်နှင့် သီးထပ်သီးညှပ်စိုက်ပျိုးမှု ပိုမိုစိုက်ပျိုးလာနိုင်ရန်အတွက် ရွာသစ်ကျေးရွာအုပ်စု ကွင်းအမှတ် (၉၁၇/၁၅၄၉)၊ ဦးပိုင်အမှတ်(၁၀၈)၊ တောင်သူဦးဖိုးခွား၏ ဆောင်းကုလားပဲ စံပြစိုက်ခင်း (၂.၀၀) ဧကတွင် ယနေ့ နံနက် ၉ နာရီက တောင်သူနည်းပညာပေး ကွင်းသရုပ်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကွင်းသရုပ်ပွဲတွင် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ဆန်းလင်းက ဆောင်းသီးနှံ စိုက်ပျိုးမှုတွင် သီးထပ်၊ သီးညှပ် စိုက်ပျိုးမှု တိုးတက်ရေးနှင့် သီးနှံအထွက်နှုန်း မြင့်မားစွာ ရရှိနိုင်ရေးအတွက် စိုက်ပျိုးရေးဆိုင်ရာ နည်းစနစ်များ၊ ပျိုးကောင်းမျိုးသန့် ပြောင်းလဲသုံးစွဲခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူးများ၊ ပိုးမွှားရောဂါ ကြိုတင်ကာကွယ် နှိမ်နင်းနည်းများ၊ သဘာဝပိုးသတ်ဆေး ပြုလုပ်သုံးစွဲနည်းများနှင့် သွင်းအားစု စနစ်တကျ ထည့်သွင်းခြင်းတို့အား ရှင်းလင်းဆွေးနွေးပြီး ကွင်းသရုပ်ပြပွဲသို့ တက်ရောက်လာသော တောင်သူများအား စိုက်ပျိုးနည်းပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးမျိုးမင်းသိန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ် အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ဆောင်းကုလားပဲ စိုက်တောင်သူများ စုစုပေါင်း (၄၃) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)