မိတ္ထီလာမြို့မဈေးကြီးအတွင်း လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြဇာတ်တိုက် လေ့ကျင့် သင်ကြားပေး

မိတ္ထီလာ ဖေဖော်ဝါရီ ၁၈

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ မြို့မဈေးကြီး၌ ခရိုင်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့တို့ပူးပေါင်း၍လက်တွေ့ မီးငြှိမ်းသတ်နည်း သရုပ်ပြဇာတ်တိုက်လေ့ကျင့် သင်ကြားပေးခြင်းကို ယမန်နေ့  နေ့လယ် ၁ နာရီအချိန်က အဆိုပါဈေးကြီးတွင်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

 ပူပြင်းခြောက်သွေ့တဲ့ရာ သီရောက်လာပြီဖြစ်တဲ့အတွက် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအတွက် ကြိုတင်ဆောင်ရွက်တဲ့အနေနဲ့ ခရိုင်နှင့်မြို့နယ် မီးသတ်ဦးစီးဌာနနဲ့  မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တို့ပူးပေါင်းပြီးလက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြဇာတ်တိုက် လေ့ကျင့်သင်ကြားပေးခြင်းကို  ဆောင်ရွက်တာဖြစ်ပါတယ်။ မြို့မဈေးကြီး ဈေးအရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဈေးဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများအတွက် လက်တွေ့မီးငြှိမ်းသတ်နည်းများပါဝင်တဲ့ မီးသတ်ပိုက်လိပ်ဖြန့်နည်း၊ မီးစက်နှိုးရေ တင်ထိုးနည်း၊ မီးသတ်ရေဆက်သွယ်အသုံးပြုနည်း စတဲ့သင်ခန်းစာများကို မီသတ်ဦးစီးဌာန တာဝန်ရှိသူများက လက်တွေ့လေ့ကျင့်သင်ကြားပေးတာ ဖြစ်ပါတယ်ဟု မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှဒုတိယညွှန်ကြားရေးမှူး ဦးမျိုးထက်ဇော်က ပြောသည်။

အဆိုပါလက်တွေ့မီးငြှိမ်းသတ်နည်းသရုပ်ပြဇာတ်တိုက်လေ့ကျင့် သင်ကြားပေးရာတွင် ဈေးအရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ ဈေးဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်း စုစုပေါင်း ၇၇ ယောက်အား ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်ဆန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များကလေ့ကျင့်ပေးခြင်းဖြစ်သည်။ ၎င်းလေ့ကျင့်သင်ကြားရာနေရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးကျော်ဇေယျနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်အောင်လေးနှင့် အဖွဲ့ဝင်များ၊ ဈေးအကျိုးဆောင်ကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။

ချမ်းသာ