နောင်ချို ဖေဖော်ဝါရီ ၁၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၌ (၃၇) ကြိမ်မြောက် မြို့မမူလပရိယတ္တိအခြေခံ စာတော်ပြန်ပွဲ ဆုပေးပွဲနှင့် အောင်လက်မှတ် ဆက်ကပ်ပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီ အချိန်က ဟော်တော်ကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ခဲ့ပြီးနောက် မြို့ဦးကျောင်းဆရာတော်မှ ဩဝါဒချီးမြှင့်ခဲ့သည်။ ၎င်းနောက် ဟော်တော်ကျောင်းတိုက်ဆရာတော်နှင့် ကြွရောက်ချီးမြှင့်ပေးကြသော ဆရာတော်ကြီးများက စာအောင်လက်မှတ်နှင့် စာအောင်ဆုများ ချီးမြှင့်ခဲ့ကြသည်။ အခမ်းအနားတွင် အပူဇော်ခံ (၃)ပါး၊ ဝိနည်းပြန် (၁၂)ပါး၊ တတိယအဆင့် (၈)ပါး၊ ဒုတိယအဆင့် (၁၉) ပါး၊ ပထမအဆင့် (၂၄) ပါး၊ မူလ (က) (ခ) သာမဏေ (၂၅)ပါး၊ သီလရှင် (၉) ပါး၊ မူလ (က) သာမဏေ (၂၀) ပါး၊ သီလရှင် (၅၅) ပါး၊ မူလ(ခ) သာမဏေ (၁၄)ပါး၊ သီလရှင် (၁၀)ပါး စုစုပေါင်း (၁၉၉)ပါးအား စာအောင်လက်မှတ်နှင့် စာအောင်ဆုများ ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ထွေးငယ်(ပြန်/ဆက် )