မွန်ပြည်နယ်မှ ထွက်ရှိသည့်ဆားများကို တောင်ကိုရီးယားနိုင်ငံသို့ တင်ပို့ရောင်းချလျက်ရှိ

မော်လမြိုင် ဖေဖော်ဝါရီ ၁၈

မွန်ပြည်နယ်တွင် တစ်ဧက ဆားတန်ချိန် (၁၅)တန် ထွက်ရှိသည့် ဆားထုတ်လုပ်ဧက (၅၀၀၀)မှ တစ်နှစ်လျင် ဆားတန်ချိန် (၆၀၀၀၀)မှ (၇၀၀၀၀) အထိ ထွက်ရှိကြောင်း မွန်ပြည်နယ် ဆားလုပ်ငန်းရှင်များအသင်းမှ သိရသည်။

မွန်ပြည်နယ်တွင် ဆားလုပ်ငန်းရာသီသည် နှစ်စဥ်ဒီဇင်ဘာလမှ စတင်ပြီး ဧပြီလတွင် မိုးရွာပါက ခေတ္တရပ်နားကာ မိုးရွာသွန်းမှုမရှိပါက မေလကုန်ထိ လုပ်ကိုင်ဆောင်ရွက်ကြသည်။  ဆားများကို ပင်လယ်ရေအငွေ့ပြန်ခြင်းစနစ်ဖြင့် ထုတ်လုပ်ပြီး ပင်လယ်ရေနှင့်ဆက်စပ်သည့် သံဖြူဇရပ်မြို့နယ်ရှိ ပငချောင်း၊ ကရုပ္ပိချောင်း၊ အံခဲချောင်း၊ သုံးချောင်းတို့မှ ရေများကိုယူ၍ ဆားထုတ်လုပ်ပါကြောင်း၊ မွန်ပြည်နယ်မှ ထွက်ရှိသည့် ဆားများကို ပြည်တွင်းရှိ မွန်၊ ကရင်၊ တနင်္သာရီ၊ မန္တလေးသို့ တင်ပို့ရောင်းချသည့်အပြင် ပိုလျှံသည့်ဆားများကို တောင်ကိုရီးယားနိုင်ငံသို့ ယခုလတွင် ဆားတန်ချိန်၄၀ တင်ပို့ပြီး ယခုနှစ်ဆားထုတ်လုပ်ရာသီတွင် တန်ချိန် (၅၀၀၀) ကို တင်ပို့သွားမည်ဖြစ်ကြောင်း၊ မွန်ပြည်နယ်တွင် ဆားလုပ်ငန်းရှင် (၉၂) ဦးမှ ဧက(၅၀၀၀) ကို ဆားထုတ်လုပ်လျက်ရှိပြီး ဆားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဆားကြမ်းမှ အိုင်အိုဒင်းဆားချောထုတ်လုပ်မည့် ခေတ်မီစက်များဖြင့် ထုတ်လုပ်နိုင်ရန် တပ်ဆင်ဖို့လည်းဆောင်ရွက်လျက်ရှိကြောင်း မွန်ပြည်နယ် ဆားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးဝင်းထိန်ကပြောသည်။

ယခုအခါ တောင်ကိုရီးယားနိုင်ငံ၌ မြန်မာ့ဆားများ စျေးကောင်းရရှိပြီး စျေးကွက်အနေအထားအရ ကြီးမားသောကြောင့် ဆားစျေးကွက်ကို ပြည်ပသို့ထိုးဖောက်နိုင်ပါက မြန်မာနိုင်ငံမှ ဆားလုပ်ငန်းရှင်များနှင့် ဆားထုတ်လုပ်တောင်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများစွာရရှိလာကာ ဝင်ငွေတိုးစေမည့်အပြင်  နိုင်ငံခြားဝင်ငွေများလည်းရရှိမည်ဖြစ်ကြောင်း သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)