ညောင်ဦး ဖေဖော်ဝါရီ ၁၈
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ပလတ်စတစ်ကင်းစင်ရေး အပတ်စဉ်ပလတ်စတစ်ကောက်ယူရှင်းလင်းနေလျက်ရှိရာ Bagan Plastic Campaign အဖွဲ့မှ ဦးဆောင်ကာ ပလတ်စတစ်အမှိုက်များ သီးသန့်ကောက်ယူခြင်းကို ဖေဖော်ဝါရီ ၁၇ ရက်၊ နံနက် ၇နာရီခွဲအချိန်မှစတင်ကာ ညောင်ဦးမြို့မှ ပုဂံမြို့ဟောင်းသွားကားလမ်း ရွှေလိပ်တူးဘုရားမှစတင်၍ ပလတ်စတစ်သီးသန့်ကောက်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ပလတ်စတစ်ကင်းစင်စေရေး Bagan Plastic Campaign အဖွဲ့မှ ဦးဆောင်ကာ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန-ပုဂံဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းနှင့်ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများနှင့် ညောင်ဦးမြို့နယ်အတွင်းရှိ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများမှဝန်ထမ်းများ၊ Balloons ဝန်ထမ်းများ၊ ဧည့်လမ်းညွှန်အသင်းမှ အသင်းသား/သူများ၊ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းမှ အသင်းသား/သူများ၊ ဟိုတယ်လုပ်ငန်းရှင်များအသင်း(ပုဂံဇုန်)မှ ဝန်ထမ်းများသည် ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ ရွှေလိပ်တူးဘုရားမှစတင်၍ ထီးလိုမင်းလိုဘုရား၊ ဥပါလိသိမ်မှ အာနန္ဒာဘုရားအထိ ကားလမ်းတစ်လျှောက် ပလတ်စတစ်များ ကောက်ယူခဲ့ကြကြောင်း၊ ပလတ်စတစ်အမှိုက်များကောက်ယူ၍ ပလတ်စတစ်အမှိုက်များအား စနစ်တကျစုစည်းစွန့်ပစ်ခဲ့ကြောင်း သိရသည်။
Bagan Plastic Campaign အဖွဲ့နှင့်ပလတ်စတစ်အမှိုက်သန့်ရှင်းရေးပြုလုပ်သည့် စေတနာ့ဝန်ထမ်းများအား ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းနှင့် ခရိုင်စီမံအဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့်မြို့နယ်စီမံအဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ဒီပါလင်း