(၇၃) ကြိမ်မြောက် ပြာသိုလ သာမဏေကျော် စာလျှောက်မေးခမ်း ဘွဲ့ပုံတော်လက်မှတ် ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပ

ချမ်းအေးသာစံ ဖေဖော်ဝါရီ ၁၈

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက် ၁၂၀၀ မှ ၁၅၀၀ ချိန်ထိ ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာအနောက်ရပ်ကွက်၊ ၃၄×၃၅ လမ်းကြား၊ ၈၅ လမ်းရှိ ပရိယတ္တိသာသနာ့ဟိတအသင်း၊ သာသနာ့ဗိမာန်တော်ကြီးတွင် ယမန်နေ့ နေ့လယ် (၁၂) နာရီက  (၇၃) ကြိမ်မြောက် ပြာသိုလ သာမဏေကျော် စာလျှောက်မေးခမ်း ဘွဲ့ပုံတော်လက်မှတ် ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်ရှိ မှန်ကင်းပဇ္ဇောတာရုံ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဣဒ္ဓိကာဘိဝံသ အမှူးပြုသည့် ဆရာတော်များနှင့် စာအောင်သာမဏေကျော် ပင့်သံဃာတော်များ၊ စုစုပေါင်း ၁၇၀ ပါးခန့် ကြွရောက်တော်မူကြပြီး အသင်းဥက္ကဋ္ဌ ဦးသိန်းထွန်း (ဆားတောင်ပွဲရုံ)၊ အတွင်းရေးမှူး ဦးဇော်ဇော်တို့နှင့် အလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ စာအောင်သာမဏေများ၏ မိဘဆွေမျိုးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် တက်ရောက်လာကြသူများမှ နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနား ဖွင့်လှစ်ခဲ့ပြီး ဘဒ္ဒန္တဣဒ္ဓိကာဘိဝံသထံမှ ငါးပါးသီလ ခံယူဆောက်တည်ကာ ပရိတ်တရားတော်မြတ်များ နာယူကြည်ညိုခဲ့ကြသည်။

ထို့နောက် အလုပ်အမှုဆောင် ဦးနေဝင်း(သကျသီဟဓမ္မာစရိယ)မှ ဇယမင်္ဂလာအောင်ဂါထာဖြင့် စာအောင်သံဃာတော်များအား ပူဇော်ခြင်း၊ စာအောင်သံဃာတော် စစ်ကိုင်းမြို့၊ မြစကြာကျောင်းတိုက်မှ ရှင်နန္ဒ၊ ရှင်ကဝိဓဇ၊ မန္တလေးမြို့၊ အောင်ချမ်းသာကျောင်းတိုက်မှ ရှင်ပညာနန္ဒတို့အား ၎င်းတို့၏ ဆရာတော်များမှ စာထောက်/စာမ မေးမြန်းခြင်း၊ ဘဒ္ဒန္တဣဒ္ဓိကာဘိဝံသ ဆရာတော်ကြီးမှ စာအောင်သာမဏေကျော် အရှင်သူမြတ်များအား သာသနာတော်ကြီး အဓွန့်ရှည်စွာ ခိုင်မြဲစေရန် ရည်သန်လျက် အတ္တ+ပရ နှစ်ဝအကျိုး တိုးပွားစိမ့်သောငှာ ရှေ့အဖို့၌လည်း ပရိယတ်၊ ပဋိပတ္တလုပ်ငန်းများ ဆက်လက်အားထုတ်လျက် နေထိုင်ကြရန် မဟာထေရ်ကြီးတို့ ကိုယ်စားပြု၍ သြဝါဒအနုသာသနီပေးတော်မူကာ အနုမောဒနာတရား ဟောကြားချီးမြှင့်ခဲ့ပြီး လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခြင်း အစီအစဉ်များ ဆောင်ရွက်ခဲ့သည်။

၎င်းနောက် ဦးသိန်းထွန်းနှင့် တာဝန်ရှိသူများမှ သက်ဆိုင်ရာ စာမေးပွဲအလိုက် စာအောင်ဘွဲ့ပုံတော်လက်မှတ်များနှင့် နဝကမ္မဝတ္ထုငွေများကိုလည်းကောင်း၊ အလှူရှင်များမှ လှူဖွယ်ဝတ္ထု ပစ္စည်းများအားလည်းကောင်း အသီးသီး ဆက်ကပ်လှူဒါန်း၍ အခမ်းအနားအား ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်းကာ အခမ်းအနား  ရုပ်သိမ်းခဲ့သည်။ အဆိုပါ (၇၃)ကြိမ်မြောက် ပြာသိုလ သာမဏေကျော် စာလျှောက်မေးခမ်းတွင် တတိယအဆင့် သာမဏေ ကျော်ဘွဲ့ရ ၅၁ ပါး၊ ဒုတိယအဆင့်အောင် ၃၈၀ ပါး၊ တတိယအဆင့်အောင် ၆၉၀ ပါး၊ စုစုပေါင်း ၁၁၂၁ ပါး ဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းနိုင်(ပြန်/ဆက်)