စဉ့်ကိုင် ဖေဖော်ဝါရီ ၁၈
နိုင်ငံတော်မှ ပြည်တွင်းစားသုံးဆီ ဖူလုံရေးအတွက် ဆီထွက်သီးနှံစိုက်ပျိုးမှုကို အားပေးမြှင့်တင်ပြီး ပန်းတိုင်ရည်မှန်းချက်အတိုင်း ထွက်ရှိအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲ (၁)နာရီက မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးတိုးမင်း၊ ကျောက်ဆည်ခရိုင် စိုက်ပျိုးရေးဦးစီးမှူး ဦးချစ်ဆွေဦးနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးသန်းဇော်နှင့်အတူ နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် စဉ်ကိုင်မြို့နယ် ဆောက်အင်းမြစ်ရေတင်ဒေသရှိ နွေသီးနှံစိုက်ပျိုးမည့် တောင်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးတိုးမင်းက တောင်သူများအနေဖြင့် နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် နွေသီးနှံများ၊ သီးနှံအထွက်နှုန်း ကောင်းစေရန် စိုက်ပျိုးရေးဦးစီးဌာနမှ သတ်မှတ်ထားသော နည်းစနစ်များအတိုင်း စိုက်ပျိုးသွားမည်ဆိုပါက ပန်းတိုင်အထွက်နှုန်း ရရှိစေ၍ သီးနှံအထွက်နှုန်း ပိုမိုရရှိပြီး တောင်သူများ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း အမှာစကားအဖြစ် ပြောကြားခဲ့ပြီး ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးချစ်ဆွေဦးက စိုက်ပျိုးရေးဦးစီးဌာနမှ နွေသီးနှံ လျာထားချက်ဧက ပြည့်မီရေး၊ အထွက်နှုန်း ကောင်းမွန်ရေးတို့အတွက် မိမိတို့ဌာနမှ ဝိုင်း၀န်းကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးသန်းဇော်က စဉ့်ကိုင်မြို့နယ်အနေဖြင့် နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လျာထားဧကနှင့် စိုက်ပျိုးမည့် ကျေးရွာများကို ရှင်းလင်းတင်ပြပြီး တအုံကျေးရွာရှိ နွေသီးနှံစိုက်ပျိုးမည့် တောင်သူများကလည်း မိမိတို့ သိလိုသည်များကို မေးမြန်ကြရာ တာ၀န်ရှိသူများကလည်း ပြန်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
စဉ့်ကိုင်မြို့နယ်အနေဖြင့် ၂၀၂၃-၂၀၂၄ ခုနှစ်တွင် နွေနှမ်း(၂၀၉၅၆) ဧက၊ မိုးကြိုပဲတီစိမ်း (၂၅၃၀) ဧက လျာထားခဲ့ပြီး နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် နွေနှမ်း (၅၀၀) ဧက မိုးကြို ပဲတီစိမ်း (၃၀၀) ဧက စိုက်ပျိုးသွားမည်ဖြစ်ပြီး ဆောက်အင်းမြစ်ရေတင်ဖြင့် တအုံကျေးရွာတွင် နိုင်ငံစီးပွား မြှင့်တင်ရေးရန်ပုံငွေနှင့် ဆောင်ရွက်မည့် နွေနှမ်း (၁၂၅) ဧက လျာထားခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
၀င်း၀င်းသန်း(ပြန်/ဆက်)