မိုးညှင်း နိုဝင်ဘာ ၂
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မိုးညှင်းမြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် အသုံးပြုသူများအဖွဲ့(၁၃)ဖွဲ့ထံ သစ်တောမြေဧရိယာ ဧက ၁၅၁၀အား ဒေသခံ အစုအဖွဲ့ပိုင် သစ်တောတည်ထောင် ခွင့်ပြုလက်မှတ် ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက်၁၀နာရီတွင်အုတ်ကျင်းရပ်ကွက်ရှိ ရှမ်းတိုင်းရင်းသားရိုးရာယဉ်ကျေးမှုရုံး၌ကျင်းပသည်။
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်အေးက အမှာစကားပြောကြားပြီး မြစ်ကြီးနား ခရိုင်သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူး ဦးနိုင်နိုင်ထွန်းက ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တော တည်ထောင်ခြင်းဆိုင်ရာများနှင့် ပတ်သက်၍ပြောကြားရာတွင် မိမိတို့ဒေသရှိ သစ်တောသယံဇာတများ ကို ဒေသခံပြည်သူလူထု၏ အကူအညီနှင့် ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက် ခြင်းအပြင် ဝင်ငွေတစ်ဖက်တစ်လမ်းမှ ရရှိစေရန်၊ သဘာဝအခြေခံခရီးသွား လုပ်ငန်းများ ဖွံဖြိုး တိုးတက်လာစေရေးအစရှိသည့် ရည်ရွယ်ချက်များနှင့် သစ်တောတည်ထောင်ခွင့်ပြု လက်မှတ်များ ထုတ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားပြီး တက်ရောက်လာသည့် အဖွဲ့(၁၃)ဖွဲ့ထံ ဒေသခံ ပြည်သူအစုအဖွဲ့ပိုင် သစ်တောတည်ထောင် ခွင့်ပြုလက်မှတ်များကို တာဝန်ရှိသူအသီးအသီးက ပေးအပ်ခဲ့ကြရာ တက်ရောက်လာသည့် အဖွဲ့(၁၃)ဖွဲ့ကိုယ်စား တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
မိုးညှင်းမြို့နယ်အတွင်း ယနေ့ပေးအပ်သည့် ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောတည်ထောင် ခွင့်ပြုသည့် အဖွဲ့(၁၃)ဖွဲ့၊ အဖွဲ့ဝင်ပေါင်း၄၁၇ဦး ဧရိယာဧက (၁၅၁၀) ဧက အပါအဝင် အသိအမှတ်ပြု လက်မှတ်ထုတ်ပေးထားသည့် ဖွဲ့ပေါင်း ၅၉ ဖွဲ့၊ အဖွဲ့ဝင်ပေါင်း ၂၅၀၂ဦး ဧရိယာဧက ၁၅၅၉၄ဒသမ၃၈ ဧကကို ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောတည်ထောင် ခွင့်ပြုလက်မှတ်များ ထုတ်ပေးခဲ့ပြီး ဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးဌာနစာရင်းဇယားများအရသိရသည်။
ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောတည်ထောင် ခွင့်ပြုလက်မှတ်ရရှိသည့် အဖွဲ့များအနေဖြင့် နှစ်(၃၀) စီမံအုပ်ချုပ်မှု လုပ်ငန်းစဉ်ပါ စာချုပ်များအတိုင်း သစ်တောသယံဇာတများ ထိန်းသိမ်း စောင့်ရှောက်ရေးလုပ်ငန်းများအပြင် မိမိတို့၏ ဝင်ငွေတိုးတက်စေရေးအတွက် စိုက်ပျိုးရေးလုပ်ငန်း များလည်းဆောင်ရွက် နိုင်သည့် အပြင် ဒေသတွင်း သဘာဝကို အခြေခံသော ခရီးသွားလုပ်ငန်းများ လည်းဆောင်ရွက်ခွင့်ရှိ ကြောင်းသိရသည်။
ကျော်ကျော်ထွေး(မိုးညှင်း)