သာစည်မြို့နယ်ဌာနဆိုင်ရာရုံးများ မီးဘေးလုံခြုံရေးစစ်ဆေးပြီး အကြံပြုချက်များ ပေးခြင်းနှင့်မီးသတ်ဆေးဘူး အသုံးပြုနည်းများရှင်းလင်းပြသ

သာစည်  ဖေဖော်ဝါရီ   ၁၇

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် မီးသတ်ဦးစီးဌာနကဌာနဆိုင်ရာရုံးများ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးပြီး ကြိုတင်ကာကွယ် ရေးအကြံပြုချက်များပေးခြင်းနှင့် မီးသတ်ဆေးဘူး အသုံးပြုနည်းများ ရှင်းလင်းပြသခြင်းများဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ၁၆ရက်က သာစည်ပင်မ ဓာတ်အားခွဲရုံ၌ ကွင်းဆင်းခဲ့ကြောင်း သိရသည်။

ကွင်းဆင်းရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်းဝင်းနှင့်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးကြိုတင်ကာကွယ် ရေးဆောင်ရွက်ထားရှိမှုများကို လိုက်လံစစ်ဆေးပြီး မီးဘေးလုံခြုံရေးဆိုင်ရာအကြံပြုချက်များပေးခြင်း၊ မီးသတ်ဆေးဘူးများ၊ မီးချိတ်မီးကပ်၊ လှေကား၊ သဲ၊ ရေပုံးများ ပြည့်စုံစွာထားရှိရန်တို့ကို ရှင်းလင်းပြောကြားပြီးခွဲရုံမှူး ဦးညီညီလွင်နှင့် ဝန်ထမ်းများအား မီးသတ်ဆေးဘူးအသုံးပြုနည်းများ ရှင်းလင်းပြသခဲ့ကြောင်း သိရသည်။

သာစည်မြို့နယ်အတွင်း မီးဘေးလုံခြုံရေးအတွက် ရပ်ကွက်/ကျေးရွာများ၊ စက်ရုံအလုပ်ရုံများ၊ စက်သုံးဆီဆိုင်များ၊ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ဘာသာရေးဆိုင်ရာ အဆောက်အဦများ၊ စားသောက်ဆိုင်များ၊ အထပ်မြင့်အဆောက်အဦများကိုလည်း ကွင်းဆင်း စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်မီးသတ်ဦးစီးမှူးထံက သိရသည်။

မြို့နယ်(ပြန်/ဆက်)