မိုင်းဆတ်မြို့၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

မိုင်းဆတ် ဖေဖော်ဝါရီ ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀)နာရီခွဲက ကျတီကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ရုံးမှ ဦးစီးအရာရှိ ဦးလင်းထင်ကျော်က လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်များ၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာများ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာများနှင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာများ၊ မြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ် ဦးဝင်းမြင့်နိုင်က နွေရာသီကာလ ရောက်ရှိလာသည့်အတွက် မီးခိုးမြူငွေ့လျှော့ချနိုင်ရေးအတွက် တောမီးရှို့ခြင်းမပြုလုပ်ကြရန်၊ မြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲအုပ်ခင်မောင်ဝင်းက မူးယစ်ဆေးဝါး ပပျောက်ရေးနှင့် ဘိန်းအစားထိုးသီးနှံစိုက်ပျိုးရေး ဆောင်ရွက်ကြရန်၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဇင်ပွင့်ဖြူက မီးခိုးမြူငွေ့ဖြစ်ပေါ်ရသည့် အဓိကအကြောင်းအရင်းများ၊ မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာများ စသည်ဖြင့် အကျယ်တဝင့် အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် ကျေးရွာနေပြည်သူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

မြင့်မောင်(မိုင်းဆတ်)