ဝိုင်းမော် နိုဝင်ဘာ ၂
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၌ ၂၀၂၀နှစ်ပြည့်၊ အထွေထွေရွေးကောက်ပွဲတွင် မဲရုံတာဝန်ထမ်းဆောင်မည့် မဲရုံမှူး၊ ဒုမဲရုံမှူး များအား မဲရုံသရုပ်ပြလက်တွေ့ဆောင်ရွက်မှုကို ယမန်နေ့၊မွန်းလွဲ(၁)နာရီက၊အမှတ် (၁) ရပ်ကွက်ရှိ၊ အမှတ်(၂)အခြေခံပညာ အထက်တန်း ကျောင်း၊ တေဇ ခန်းမ၌ကျင်းပခဲ့သည်။
မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းမှ မြို့နယ်အတွင်းမဲရုံ(၅၈)ရုံတွင် တာဝန်ထမ်းဆောင်မည့် မဲရုံမှူး၊ ဒုမဲရုံမှူးများအား မိမိတို့တာဝန်ကျရာ မဲရုံတွင် ဆန္ဒမဲပေးရန်လာသော မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်စွာမဲပေးနိုင်ရန် နှင့်မိမိတို့ထမ်းဆောင်ရမည့် တာဝန်များကို ကျေပွန်စွာ ဆောင်ရွက်ရန် မှာကြားသည်။
ထို့နောက် မြို့နယ်ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးဒေါက်တာသိန်းမြို့မှ ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေး ကောက်ပွဲတွင် မဲရုံတာဝန် ထမ်းဆောင်မည့်သူများအား ကိုဗစ် - ၁၉ရောဂါကာ ကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ပြင်ဆင်ဆောင်ရွက်ချက်များ၊ မဲရုံဧရိယာအဆောက် အဦ၊ အကျယ်အဝန်း၊ မဲရုံပြင်ပနှင့်အတွင်းတွင်မဲပေးမည့်သူများ အား Social Distancing နှင့်အညီ သတ်မှတ်နေရာထားရှိမူ၊ မဲရုံအဝင်၌ လက်ဆေးဘေစင်များ၊ လက်သန့်ဆေးရည်များ ထားရှိ ဆောင်ရွက်မူ၊ မဲဆန္ဒရှင်ပြည်သူများ နှာခေါင်းစည်းများ စနစ်တကျတပ်မှုများ ပြုလုပ်ထားရှိမူနှင့် မဲရုံအထွက်၌ အမှိုက်ပုံးထားရှိမူတို့ကိုလည်းကောင်း၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကြည်ထွန်းမှ မဲရုံမှူး၊ ဒုမဲရုံမှူး များဆောင်ရွက်ရမည့် တာဝန်နှင့်ဝတ်တရားများ၊ မဲရုံဖွင့်လှစ်ခြင်း၊ ပိတ်သိမ်းခြင်း၊ မဲပေးပုံအဆင့်ဆင့်တို့ကို လည်းကောင်း၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်ရည်မွန်လှိုင်မှ မဲရေတွက်ခြင်း၊ ရွေးကောက်ပွဲ ဆိုင်ရာပုံစံများ ဖြည့်သွင်းရေး သွင်းခြင်း၊ ပြုစုခြင်း၊ ခိုင်လုံမဲ၊ ပယ်မဲ၊ တာလီချိုးခြင်း၊ လုံခြုံရေးအိတ်များထုတ်ပိုးခြင်း၊ မဲရလဒ်များ ထုတ်ပြန်ကြေညာခြင်းတို့ကို လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့သည်။
ခိုင်သက်မွန်(ပြန်/ဆက်)