နေပြည်တော် ဖေဖော်ဝါရီ ၁၇
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် စပါးသီးနှံရိတ်သိမ်းအပြီး ပဲပုပ်သီးထပ်စိုက်ပျိုးခြင်းဖြင့် သီးနှံစိုက်စွမ်းအားမြှင့်တင်ခြင်း စီမံကိန်းအစီအစဉ်ဖြင့် ဆောင်ရွက်သည့် ပဲပုပ်အထွက်နှုန်းမြင့်မားစေသည့် စိုက်ပျိုးနည်းစနစ် နည်းပညာပေးသင်တန်းအား ယနေ့နံနက်ပိုင်းက ကျိုင်းတုံ စိုက်ပျိုးရေးသုတေသနခြံ၌ ဖွင့်လှစ်ခဲ့သည်။
ပထမဦးစွာ တောင်သူများက လက်ရှိစိုက်ပျိုးလျက်ရှိသည့် သီးနှံများ၊ အခက်အခဲများကို တာဝန်ရှိသူများနှင့် တောင်သူမျာက ဆွေးနွေးကြပြီး သင်တန်းအား စတင်ခဲ့ရာ နေပြည်တော် ရေဆင်းစိုက်ပျိုးရေး သုတေသနဦးစီးဌာန၊ ယာသီးနှံသုတေသနဌာခွဲ ညွှန်ကြားရေးမှူး ဒေါ်မြတ်နွယ်နွယ်က စပါးသီးနှံရိတ်သိမ်းအပြီး ပဲပုပ်သီးထပ်စိုက်ပျိုးခြင်းဖြင့် သီးနှံစိုက်စွမ်းအား မြှင့်တင်ခြင်းစီမံကိန်းအစီအစဉ်ဖြင့် လက်ရှိဆောင်ရွက်နေသည့် အစီအစဉ်များ၊ ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များအား ပြောကြားပေးခဲ့သည်။ ဆက်လက်၍ စီမံကိန်း တာဝန်ရှိသူတစ်ဦးဖြစ်သည့် နေပြည်တော် ရေဆင်းစိုက်ပျိုးရေး သုတေသနဦးစီးဌာန၊ ယာသီးနှံသုတေသနဌာနခွဲ၊ ပဲမျိုးစုံသီးနှံသုတေသနဌာနစုမှ သုတေသနမှူး ဒေါက်တာမာမာဝင်းမှ ပဲပုပ်အထွက်နှုန်းမြင့်မားစေသည့် စိုက်ပျိုးနည်းစနစ်များကို ပို့ချခဲ့ပြီး ပဲပုပ်သီးနှံစိုက်ပျိုးဖြစ်ထွန်းသည့် ရာသီဥတု၊ မြန်မာနိုင်ငံအတွင်း စိုက်ပျိုးဖြစ်ထွန်းမှုအခြေအနေ၊ စိုက်ပျိုးလျက်ရှိသော ပဲပုပ်အမျိုးအစားများ၊ ပဲပုပ်သီးနှံ၏ ကြီးထွားမှုအဆင့်ဆင့်များ၊ အဆင့်အလိုက်အရေးပါသည့် စိုက်ပျိုးနည်းပညာများ၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ထုတ်ဝေထားသည့် မျိုးများ၏အရည်အချင်းလက္ခဏာများ၊ ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းနည်းများနှင့် မျိုးသန့်ထုတ်လုပ်ခြင်း နည်းပညာများအား ဖြန့်ဝေပေးခဲ့သည်။ ယင်းနောက် တက်ရောက်လာသူများမှ ပဲပုပ်ဆီထုတ်လုပ်ခြင်းနှင့် ပတ်သက်၍ စိတ်ပါဝင်စားစွာ ဆွေးနွေးခဲ့ပြီး ကျိုင်းတုံစိုက်ပျိုးရေးသုတေသနခြံအတွင်း လက်တွေ့စိုက်ပျိုးထားသည့် ပဲပုပ်စိုက်ခင်းများအား လိုက်လံပြသခဲ့သည်။
အဆိုပါ ပဲပုပ်အထွက်နှုန်းမြင့်မားစေသည့် စိုက်ပျိုးနည်းစနစ် နည်းပညာပေးသင်တန်းသို့ ကျိုင်းတုံမြို့နယ်အတွင်းရှိ အားခေရွာ၊ ကျိုင်းဖောင်းရွာ၊ နားခမ်းကျေးရွာ၊ ဟွယ်ကွယ်ရွာ၊ နောင်ကုန်းရွာ၊ ကတ်သောင်ရွာ၊ မိုင်းဇင်ကျေးရွာများမှ တောင်သူ စုစုပေါင်း ၃၀ ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)